ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

ဖားဝပ်ချောင်းကထိန်ပွဲအား သတင်းမှားပေးရာမှ စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့ပုံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(ကထိန်ရှင်မနှင့် ကိုယ်ဝန် ၉လဆောင်ထားသည့် အမျိုးသမီး တစ်ဦးအပါအဝင်  ၅ ဦးသေဆုံးခဲ့ရ)

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၂၃ /၂၀၂၄

ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား အောက်တိုဘာလ ၂၁ ရက် ညအချိန်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ စစ်ကောင်စီအား သတင်းမှားပေး၍ ဖြစ်နိုင်ကြောင်း ဒေသအတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

“ ကထိန်ခင်းတော့ လူတွေလာကြတယ်။ ဒါကို ပတ်ဝန်းကျင်က လူစုလူဝေး လုပ်တာကို မြင်တော့ စစ်ကောင်စီလိုလားတဲ့ သူတစ်ဦးဦးက အေအေတပ်တော်က ဘာညာလုပ်တယ်ဆိုပြီး သတင်းမှား ပေးပုံရပါတယ်။ ဒါကြောင့် ကထိန်ခင်းတဲ့ နေအိမ်ကို ညအချိန်ဗုံးကြဲတာ ဖြစ်ပုံရပါတယ်။ ဗုံးက ကထိန်ခင်းတဲ့နေအိမ်ကို တိုက်ရိုက်ကျတယ်။ ကထိန်ရှင်မ ဒေါ်လှလှအေးနဲ့ ၄ ဦး ပွဲချင်းပြီး သေတယ်” ဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီလေတပ်က ဗုံးကြဲမှုကြောင့် သေဆုံးသွားခဲ့ရသူများမှာ ဖားဝပ်ချောင်း ကျေးရွာမှ ကထိန်ရှင်မ ဒေါ်လှလှအေး (၅၈) နှစ်၊ မောင်တောမှ စစ်ရှောင်နေကြသည့် မသီတာ (၂၆) နှစ်နှင့်  ကိုယ်ဝန် ၉ လဆောင်ထားသည့် မအေးအေးအောင် (၂၄)နှစ်၊ ကိုမောင်မောင်သိန်း (၂၀) နှစ်၊ ကိုနေဇော်ဦး (၂၉) နှစ်တို့ဖြစ်ကြသည်။

အာရက္ခတပ်တော်မှ ရခိုင်ပြည်တွင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်တွင် ပွဲလန်းသဘင်များကျင်းပပြီး လူစုလူဝေး မပြုလုပ်ကြရန် မေတ္တာရပ်ခံ အသိပေးစာထုတ်ပြန်ထားနောက် ယခုလို ဗုံးကြဲခံရသည့် အဖြစ်ဆိုးကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု  ဖားဝပ်ချောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

" သေသွားတဲ့သူတွေကို အပြစ်တင်တာတော့ မဟုတ်ပါဘူး။ စစ်ကောင်စီက လူစုလူဝေး လုပ်ရင် လေယာဉ်နဲ့ ဗုံးကြဲပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နိုင်တဲ့ အတွက် ကိုယ့်တပ်တော်ကနေ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်မှာ ကထိန်ပွဲ မကျင်းပဖို့။ လူစုလူဝေးတွေနဲ့ မပြုလုပ် ကြဖို့ သတင်းထုတ်ပြန်ထားတယ်။ ဒါကို စည်းကမ်းကို လိုက်နာမူမရှိကြဘူး။ ကထိန်ပွဲကျင်းပတယ်။ အဲ့ဒါကို တပ်တော်က ကထိန်ပွဲလုပ်တယ် ထင်ပြီး ညအချိန်မှာ စစ်ကောင်စီလေယာဉ်က ကထိန်ရှင်မအိမ်ကို ဗုံးကြဲချခဲ့တယ်” ဟု ပြောသည်။ 

သေဆုံးသူများ အထဲတွင် ပါဝင်သည့် မသီတာနှင့်  ကိုယ်ဝန်ဆောင်မိခင် မအေးအေးအောင်တို့မှာ မောင်တောမြို့ပေါ်ကနေ ဖားဝပ်ချောင်းကျေးရွာကို စစ်ဘေးရှောင်လာကြသည့် ညီအစ်မ နှစ်ဦးဖြစ်ကြပြီး သူမတို့ဖခင် ဦးကျော်စိန်းအောင် (၅၈) နှစ်မှာလည်း အာဆာ( ARSA) အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ယနေ့တိုင် ပျောက်ဆုံးနေသည်ဟု သိရသည်။

သူမတို့၏ မိသားစုဝင်တစ်ဦးက "အလွန်ရင်နာစရာဖြစ်ရတဲ့ အဖြစ်အပျက်တစ်ခုလို့ ပြောနိုင်တယ်။ ရက်စက်တဲ့ကံကြမ္မာလို့ ပြောယင်မမှားနိုင်ဘူး။ အဖေဖြစ်သူက မောင်တောမြို့ထဲမှာ အာဆာတွေ  ဖမ်းဆီးတာခံရပြီး အခုအချိန်ထိ ပျောက်ဆုံးနေတယ်။ သမီးဖြစ်သူနှစ်ဦးက ဖားဝပ်ချောင်းကျေးရွာမှာ စစ်ရှောင်နေတုန်း စစ်ကောင်စီလေတပ် ဂျက်ဖိုက်တာနဲ့ ဗုံးချလို့ ကွယ်လွန်သွားခဲ့ရတယ်။ သမီးတစ်ဦးမှာ ၉ လအရွယ် ရင်သွေးငယ်တစ်ဦးပါဆုံးရှုံးခဲ့ရတယ်။ မိခင်ဖြစ်သူနဲ့ သားမက်သည်က ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသ နေရတယ်။"ဟု ပြောသည်။ 

ဦးကျော်စိန်အောင် (၅၈)နှစ်၏ ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်အေးတင် နှင့် သား(သမက်) ဖြစ်သူ အသက် ၂၆ နှစ်အရွယ် မောင်တိုးမင်းဟိန်းတို့ မှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားသဖြင့် ဆေးကုသမူခံယူနေကြရပြီး စိုးရိမ်ရသည်ဟု ဒေသခံများထံမှ တစ်ဆင် သိရသည်။

သေဆုံးသွားသူ မသီတာနှင့် မအေးအေးအောင်တို့၏ ဖခင်ဖြစ်သူ ဦးကျော်စိန်းအောင် (၅၈)နှစ်သည်  ဇူလိုင် ၂၃ ရက်‌ နေ့‌၌ သူ၏ နေအိမ်သို့ အပြန်လမ်း မောင်တောမြို့  ဗိုလ်မှူးရွာကျေးရွာတွင် အာဆာနှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင်စစ်သားများထံဖမ်းဆီးခံခဲ့ရပြီး ယ‌နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရရှိဘဲပျောက်ဆုံးနေသည်ဟု သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် အစောကြီး ည ၁ နာရီ ၅၀ မိနစ်အချိန် ဖားဝပ်ချောင်းရွာကို စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချခံရသဖြင့် ၅ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ (ပုံစာ- သေဆုံးခဲ့ရသူ ကထိန်ရှင်မ ဒေါ်လှလှအေး)

ဆက်စပ် သတင်းများ