ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

AA ထိုးစစ်ကြောင့် အမ်းဆေးတပ်မှ စစ်ဆေးရုံကို ရွှေ့ပြောင်းရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

(အမ်းပြည်သူ့ဆေးရုံကြီးလည်း ပိတ်ထားလိုက်ပြီဟုဆို)

မင်းသျှင်စော၊  နိရဉ္စရာ၊ အောက်တိုဘာ ၂၃/ ၂၀၂၄

အာရက္ခတပ်တော်(AA) မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အနီးရှိ စရဖတပ်နှင့် ဆေးတပ်တို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဆေးတပ်အတွင်းရှိ စစ်ဆေးရုံမှ လူနာများကို အမ်းမြို့ထဲရှိ အထက (၂)ကျောင်းသို့ ပြောင်းရွှေ့သွားသည်ဟု သတင်းရရှိသည်။

အမ်းမြို့ရှိ ပြည့်သူ့ဆေးရုံကြီးကိုလည်း ပြည်သူများ ဆေးကုသခွင့်ကို ပိတ်ထားလိုက်ပြီဟု သိရသည်။

AA က ထိုးစစ်နှင့်အတူ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်  အောက်တိုဘာ ၂၀ ရက်က ညတွင်းချင်း ဒဏ်ရာရလူနာများကို စစ်ဆရာဝန်အတူ ကားများဖြင့် ရွှေ့ပြောင်းသွားခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောကြားသည်။

"ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေ တော်တော်များပုံရတယ်။ ကား ၇ စီးနဲ့  ၃ ခေါက်ရွှေ့ပြောင်းရတယ်။ စစ်ဆရာဝန်တွေလည်းပါတယ်။ အခုကသူတို့ဟာ အထက ( ၂) စာသင်ကျောင်းမှာပါ။ စရဖနဲ့ ဆေးတပ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးကျဉ်က ဆေးတပ်ထဲကျတယ်လေ။ အဲဒါကြောင့် ရွှေ့ပြောင်းသွားခဲ့တာ"ဟု ၎င်းက ပြောသည်။

AA မှပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ဆေးတပ်ထဲသို့ ကျရောက်ပေါက်ကွဲပြီး အရာရှိအချို့အပါအဝင် တပ်သားများ သေဆုံးမှုရှိလာပြီးနောက် ဆေးတပ်အတွင်းရှိ စစ်ဆေးရုံကို ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်ဟု နောက်ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။ 

"အခုကလက်နက်ကြီးကျည်တွေက နပခဌာနချုပ်နဲ့ အတူ ဘေးပတ်ဝန်းကျင်တွေကိုပါ ကျတယ်။ ထိုးစစ်က ပြင်းတော့ ဘယ်နားက အသံမှန်းလည်း မသိရတော့ဘူး။ ကြားရတာက နေရာစုံကပါဘဲ။ စစ်ကောင်စီက ဒဏ်ရာရလူတွေလည်း စစ်ဆေးရုံမှာ တော်တော်များတယ်လို့ သိရတယ်။ အခု လူနာတွေကိုပါ ရွှေ့နေရတယ်” ဟု ပြောသည်။

၎င်းပြင် အမ်းခရိုင် ပြည်သူ့ဆေးရုံကြီးကိုလည်း အရပ်သားများအား ဆေးကုသခွင့်ကို ပိတ်ထားလိုက်ပြီး စစ်သားများက လုံခြုံရေး ယူထားသည်ဟု သိရသည်။

“အမ်းပြည်သူ့ဆေးရုံကြီးကို အရပ်သားတွေ ဆေးကုလို့ မရတော့ဘူး။ ဆေးရုံကြီးကို စစ်သားတွေ လုံခြုံရေးယူထားတယ်။  တိုက်ပွဲကလည်း နပခ အနီးကို ကပ်လာပြီး။ စရဖ၊ ဆေးတပ်တို့လည်း ကျသွားပြီလို့ သတင်းတွေထွက်နေပါတယ်"ဟု ဆိုသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းစစ်ဌာနချုပ်အနီးအနားရှိ တပ်ရင်းအချို့ကို အေအေ၏ သိမ်းပိုက်ထားပြီး လက်ရှိ တိုက်ပွဲမှာ စစ်ကောင်စီအရာရှိများအပန်းဖြေသော နေရာတစ်ခုဖြစ်သည့် ဂေါက်ကွင်းကို ကျော်လာပြီဟုလည်း ဒေသခံများက ပြောဆိုသည်။ (ဓာတ်ပုံ- အမ်းစစ်ဆေးရုံ/ MOI/ ပုံဟောင်းသာ) 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!