ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောနခခ(၅) အဆုံးအဖြတ်တိုက်ပွဲ အနီးကပ်ဖြစ်ပွားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

( စစ်ကောင်စီလေတပ်က ဂျက်တိုက် လေယာဉ်ဖြင့် ၁၀ ကြိမ် မနည်း ဗုံးကြဲချ၊  Y-12 ပေါ်က လေထီးဖြင့် လက်နက်နဲ့ ရိက္ခာများထပ်မံချပေးခဲ့ဟုဆို )

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၁၇ / ၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့ အခြေစိုက် နခခ(၅)တပ်ရင်းအား အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ တိုက်ပွဲမှာ တစ်ဖက်နှင့်တစ်ဖက် အနီးကပ်ဖြစ်လာနေပြီး ပိုမိုပြင်းထန်လာဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များထံက တစ်ဆင့်သိရသည်။

တိုက်ပွဲမှာ ပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး  ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့သလို Y-12 မှလည်း လက်နက်နှင့်စားနပ်ရိက္ခာများ ထပ်မံချပေးခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်‌ဒေသခံများက ပြောသည်။ 

"တိုက်ပွဲက မနေ့က ညက အတော်လေးပြင်းထန်နေတယ်။ လက်နက်ငယ်၊ လက်နက်ကြီးသံ‌တွေက နခခ ၅ ထဲကနေ တစ်ညလုံး ဆူညံစွာကြားနေရတယ်။ ဒီနေ့ မနက်အရုဏ်မှာ အပြင်းထန်ဆုံးနဲ့ အနီးကပ်ဆုံး တိုက်ကြတာ။ ဂျက်ဖိုက်တာနှစ်စီး ချက်ချင်းလာပြီး ဗုံး ၈လုံးကြဲချလာတယ်။ တစ်ညလုံး မအိပ်ခဲ့ကြရဘူး"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

AA၏ ထိုးစစ်ပြင်းထန်မူကြောင်း နခခ(၅) တပ်ရင်းမကျစေရန် စစ်ကောင်စီမှ အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီကျော်၌ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၄ မိုင် နှင့် ၃ မိုင်ကြားသို့ ဗုံး ၈ လုံးကြဲချခဲ့ပြီး မနက် ၁၀ နာရီ ၂၀ မိနစ်တွင်လည်း ဂျက်ဖိုင်တာ ၃ စီးဖြင့် ဗုံး ၁၂ လုံးကြဲချခဲ့သလို နံနက်အရုဏ် ၄ နာရီ ၅၆ မိနစ် နှင့် ၅ နာရီ ၁ မိနစ်အချိန်များ၌လည်း ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၈ လုံးအထိ ကြဲချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် Y-12ဖြင့် နခခ(၅)အား စစ်ကောင်စီဖက်မှ လက်နက်နှင့် စားနပ်ရိက္ခာများအား လေထီများဖြင့် ချပေးလျှက်ရှိနေကြောင်း မျက်မြင်ဒေသခံများကပြောဆိုသည်။

"Y12-က နေ ဒီနေ့ မနက် ၁၁ နာခွဲက နေ မွန်းလွဲ ၁ နာရီအထိ နခခ(၅)ကို လေထီး‌တွေနဲ့ လက်နက်နဲ့ ရိက္ခာထုပ်တွေချပေးနေတယ်"ဟု ပြောဆိုသည်။

ထို့အတူ အာရက္ခတပ်တော်မှ အပြင်းအထန် ဆုံး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး  နခခ(၅)တပ်ရင်းအနီး အား အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်၌ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်လည်းကောင်း မနက် ၁၁ နာရီ ၃၀ ကျော်၌ နောက်ထပ်ဂျက်တိုက် တစ်စီးဖြင့်လည်း‌ ကောင်း နေ့လည် ၂ နာရီ ၃၅ မိနစ်၌ နောက် ထပ်ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်ပါ လာ ရောက်ပြီးဗုံးများကြဲချခဲ့ကြသည်။

ဆက်စပ် သတင်းများ