ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

“ချင်းပြည်နယ်ထဲက မြို့နယ်ပေါင်း ၉ မြို့နယ်ရှိရာမှာ ၇၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်ပြီ”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 749

ချင်းအမျိုးသားတပ်ဦး ( CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

 

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့ရဲစခန်းကို CNF (ချင်းအမျိုးသားတပ်ဦး)၊ CDF (ချင်းဒေသကာ ကွယ်ရေးတပ်ဖွဲ့) တို့က ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ နာရီမှာ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း CNF အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသိမ်းပိုက်တဲ့နေရာမှာ သေနတ် အလက် ၄၀ ကျော်နဲ့ ခဲယမ်းမီးကျောက်အများအပြားကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီစခန်းကျသွားခဲ့တာကို အတည်ပြုထားပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်ထဲက မြို့နယ်ပေါင်း ၉ မြို့နယ်ရှိရာမှာ ၇၀ ရာခိုင်နှုန်းလောက်ကိုလည်း တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်ပြီ လို့လည်း CNF က ပြောဆိုထားပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (CNF) သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီ ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

 

နိရဥ္စရာ-ဟုတ်ကဲ့၊ ဆရာ ဆလိုင်းထက်နီခင်ဗျား။ ဖေဖော်ဝါရီ ၉ ရက် မနက်အစောကြီးပေါ့လေ ထန်တလန်မြို့ရဲစခန်းကို CNF/CDF ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။ လက်နက်အမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆရာတို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်ခင်ဗျား။ အဲ့ဒီအခြေအနေလေး အရင်ဆုံး ပြောပြပေးပါခင်ဗျား။

ဆလိုင်းထက်နီ- ဟုတ်ကဲ့ ကျနော်တို့ ထန်တလန်မြို့လယ်မှာ သူတို့ ခြေကုတ်ယူထားတဲ့မြို့မရဲစခန်းပေါ့။ အဲ့ဒီမှာ ရဲတွေရော၊ စစ်ကောင်စီတပ်သားတွေရော အင်အား ၄၀ လောက်ရှိတဲ့ရဲစခန်းပေါ့။ မနေ့ကည ၉ နာရီလောက်ပေါ့။ အဲ့ဒီအချိန်ကစပြီးတော့ ထန်တလန်မြို့မရဲစခန်းကို ကျနော်တို့ စခန်းကို ဝင်စီးခဲ့တယ်။ အဲ့ဒီမှာက စစ်ကောင်စီ နဲ့ ရဲ ပူးပေါင်းနေကြတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ မနက် ၂ နာရီမှာ ကျနော်တို့က နယ်မြေရှင်းလင်းပြီးတော့ ဝင်စီးနိုင်ခဲ့တာပေါ့။ လက်နက်ပေါင်း ၄၂ လက် ရရှိခဲ့တယ်။ သူတိုရဲ့ အလောင်း ၄ လောင်းကတော့ တွေ့ရတာပေါ့။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားပုံရပါတယ်။ လက်နက်တွေထားပြီးတော့ ထွက်ပြေးတိမ်းရှောင်သွားပုံရပါတယ်။ သူတို့ လက်နက်တွေအကုန်ထားခဲ့ပြီးတော့ ထွက်ပြေးတယ်လို့ ယူဆရတာပေါ့နော်။  ဘာလို့လဲဆိုတော့ အဲ့ဒီလက်နက်တွေမှာ ကျည်ဆန်တွေဘာတွေမရှိတော့ဘူး။ ကျည်ကုန်လို့ လက်နက်ကိုထားခဲ့ပြီး ထွက်ပြေးတဲ့အနေအထားလို့မြင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ထန်တလန်ရဲ့ထွေအုပ်ရုံး၊ စစ်ကောင်စီတပ်သား တပ်စိတ်တစ်စိတ်စာနေရာယူထားတဲ့ နေရာကို ကျနော်တို့ပြန်ပြီးဝင်စီးတော့ သူတို့ကြိုပြီးထွက်ပြေးတိမ်းရှောင်သွားတာပေါ့နော်။ ကျနော်တို့ဘက်ကတော့ တစ်ယောက်ကျဆုံးခဲ့ပြီး ၊ တစ်ယောက်ဒဏ်ရာရရှိတာပေါ့နော်။

မေး- အခုလတ်တလောပေါ့လေ။ ထန်တလန်မြို့ပေါ်ရဲ့ အခြေအနေကော ဘယ်လိုမျိုးရှိပါလဲ။ စစ်ကောင်စီကကော ဆရာတော့ဘက်ကို ပြန်ပြီးတိုက်ခိုက်တာမျိုးရှိလား ဆရာတို့ကော ဒီစခန်းကိုသိမ်းထားတာ အခုလက်ရှိအချိန်ထိ သိမ်းထားတုန်းပဲလား ဘယ်လိုများရှိပါလဲ။

ဖြေ- စစ်ကောင်စီက ဒီထန်တလန်မြို့ လူနေအိမ်တွေကို မီးရှို့ပြီးတော့ ပြည်သူတစ်ဦးမှမနေတော့ဘူး။ အဲဒီကတည်းက ထန်တလန်မြို့မှာ ပြည်သူမရှိတဲ့နေရာမှာ ကျနော်တို့ ခြေကုတ်ယူထားတာပေါ့နော်။ ထန်တလန်မြို့ထဲမှာ ရဲတွေကော ကျနော်တို့တွေကော၊ ဒေသကာကွယ်ရေးတပ်တွေပါ တစ်လျောက်လုံး ခြေကုတ်ယူပြီးတော့ နေစဉ်နဲ့အမျှ အမြဲတမ်း တိုက်ပွဲဖြစ်တဲ့နေရာရှိပါတယ်။ ဆိုတော့ အခုအဲလိုဖြစ်လာတော့ စစ်ကောင်စီအနေနဲ့ စစ်ဆင်ရေးက ပိုပြီးလုပ်လာနိုင်တဲ့အနေအထားမှာရှိနေတယ်။ ဘာလိုလည်းဆိုတော့ ထန်တလန်မြို့ပေါ်မှာ သူတို့ရဲ့ တပ်ကုန်းရှိသေးတယ်ပေါ့။ ဆိုတော့ တပ်ကုန်းရဲ့လုံခြုံရေးဆိုပြီးတော့မှ သူတို့က ပိုပြီးတော့  ပြင်းထန်းတဲ့ တိုက်ခိုက်မှုမျိုးတော့ လုပ်လာနိုင်တဲ့ အနေအထားတော့ရှိပေါ့နော်။

 မေး- ဟုတ်ကဲ့ အခုဆိုရင် ချင်းပြည်နယ်ထဲက မြို့နယ် ၇ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး မာရှယ်လော အဖြစ်သတ်မှတ်ထားတာရှိပါတယ်။ အဲတော့ ချင်းပြည်နယ်ထဲမှာ CDF/CNF တပ်ဖွဲ့ဝင်တွေက ဘယ်နေရာတွေ ဘယ်ဒေသတွေကိုများ စိုးမိုးထားနိုင်ပြီလို့ ပြောနိုင်ပါလဲ။

ဖြေ-ဟုတ်ကဲ့ ချင်းပြည်နယ် ချင်းတောင်မှာ မြို့နယ် ၉ မြို့နယ်ရှိတာပေါ့။ အဲ ၉ မြို့နယ်စလုံးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြီတော့ ကျနော်တို့ ချင်းအမျိုးသားတပ်မတော် ရှိတယ်။ နှစ်နှစ် တာကာလအတွင်းမှာ ကျနော်တို့က ချင်းပြည်နယ် မြို့ပေါ်မဟုတ်တဲ့ ဒေသအားလုံးကို ထိန်းချုပ်ထားနိုင်တယ်ပေါ့။ စစ်ကောင်စီစိုးမိုးထားနိုင်တာကတော့ မြို့ပေါ်လောက်ပဲရှိပါတယ်။ မြို့ပေါ်ဆိုတဲ့နေရာမှာ ထန်တလန်ကတော့ ပြည်သူတွေမရှိတော့ဘူးပေါ့။ အဲလိုအနေအထားဆိုတော့ ဒီလိုကြည့်လိုက်ရင်တော့ ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းကျော်လောက်ကို  ထိန်းချုပ်ထားနိုင်တယ်လို့ ကျနော်တို့ ပြောလို့ရနိုင်ပါတယ်။ အဲဒီမှာ မာရှယ်လော ထုတ်ထားတာက မာရှယ်လောက သူစိုးမိုးထားတဲ့ စခန်းမြို့ပေါ်အဲဒီအနေရာလောက်မှာပဲ ထိရောက်မှုရှိရင်ရှိမှာပေါ့။ တခြား ကျနော်တို့နေရာတွေမှာကတော့ ဘာမှအကျုံးဝင်မှာတော့မဟုတ်ဘူး။ ဒီ မာရှယ်လောက ပြည်သူလူထုကို နှိက်စက်ဖို့ပေါ့ ပြည်သူလူထုကို ကျနော်တို့နဲ့ ပူပေါင်းလို့မရအောင် ဖြတ်လေးဖြတ် ပေါ်လစီအောက်ကနေ ပြည်သူလူထုကို ခြိမ်းခြောက်ပြီးတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်အောင်လုပ်တဲ့ မာရှယ်လောဖြစ်မယ်အဓိကတော့ ပြည်သူလူထုက ပိုပြီးတော့ အခက်အခဲကြုံအောင် (ဥပမာ) ညမထွက်ရအမိန့် တွေအချိန်မရွေးလုပ်လာနိုင်တယ်။ လုပ်လည်း လုပ်နေပြီဆိုတော့ ပြည်သူလူထုရဲ့ အခက်အခဲတွေတော့ ရှိလာမှာပေါ့ ချင်းပြည်နယ်တစ်ခုလုံးကိုတော့ ဒီစစ်အုပ်ချုပ်ရေး မာရှယ်လောက ဘာမှထိရောက်မှုရှိလာမှာမဟုတ်ဘူးလို့ အဲလိုပဲ ကျနော်ပြောချင်ပါတယ်။ ဟုတ်ကဲ့။

မေး- ဟုတ်ကဲ့ပါ။ အဲ့ဒီ ထန်တလန်မြို့ပေါ်က (CNF) ဌာနချုပ်ကိုပေါ့လေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက် နဲ့ ၁၁ ရက်တွေမှာ စစ်ကောင်စီဘက်က နေပြီးတော့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပေါ့လေ။ အဲ့ဒီမှာ (CNF) တပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ကျဆုံးခဲ့ရတာတွေ ရှိသလို ဒေသခံတွေလည်း ထွက်ပြေးကြရတယ်လို့ သိထားရပါတယ်။ အခု ဒီရဲစခန်းကို ပြန်ပြီးတော့ ဝင်ရောက်စီးနင်းတိုက်ခိုက်တယ် ဆိုတော့ ဆရာတို့က စစ်ကောင်စီဘက်ကို လက်စားပြန်ချေတဲ့ သဘောမျိုးလား။ ဆရာ ဘယ်လိုများပြောချင်ပါလဲ။

ဖြေ။ ကျွန်တော်တို့က လက်စားချေတယ် ဆိုတာထက် စစ်ကောင်စီကို အပြုတ်တိုက်ရေးပါဘဲ။ ပြည်သူတွေက ကျွန်တော်တို့အပေါ် ဘယ်လောက်ပဲ လက်စားချေတယ်လို့ပဲပြောပြော ကျွန်တော်တို့ကတော့ စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချဖို့ပါပဲ။ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်တယ်။ ဘယ်နေရာမဆို ကျွန်တော်တို့က အခြေအနေ သင့်ရင်သင့်သလို စစ်ကောင်စီကို ကျွန်တော်တို့ ဖြုတ်ချမှာပဲ။ ဖြုတ်ချနိုင်အောင် ကျွန်တော်တို့က ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာပဲပေါ့။ ဒါပေမဲ့ ဒီနှစ် ၂၀၂၃ ကတော ကျွန်တော်တို့အတွက် အင်မတန်မှ အရေးကြီးတဲ့ ကာလဖြစ်တယ်။ စစ်ကောင်စီက လေယာဉ်တွေနဲ့ စစ်ကြောင်းတွေ ထိုးလားပြီဆိုကတည်းကိုက ကျွန်တော်တို့လည်း ပြင်ဆင်မှု ကောင်းကောင်းလေးလုပ်ပြီးတော့မှ မြေပြင်မှာလည်း ဆက်လက်ပြီးတော့ သူတို့ရဲ့ ပျော့ကွက်ကို အခြေခံပြီးတော့မှ ဘယ်နေရာမဆို တိုက်ပွဲဝင်သွားမှာပဲ။

 မေး-ခုလက်ရှိ ချင်းပြည်နယ်ထဲက စစ်ရေးအခြေအနေက ဒါဆိုရင် တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေပြီလို့ ကျနော်တို့ သုံးသပ်လို့ရနိုင်တယ်ပေါ့လေ။ အဲတော့ ဒီချင်းပြည်နယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေကရော လောလောဆယ်မှာ ဘယ်လိုများ၊ အခြေအနေများရှိပါလဲဗျ။

ဖြေ- ဟုတ်ကဲ့။ ကျနော်တို့ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ဟာ နှစ်မျိုးရှိတယ်ပေါ့။ တစ်ဘက် အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲမှာ ရောက်ရှိနေတဲ့ဒုက္ခသည်။ ပြီးတော့ ပြည်တွင်းထဲမှာ၊ ကျေးလက်ဒေသတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေရှိတာပေ့ါနော်။ အဲဒါတွေရှိပါတယ်။ အဲဒါ သူတို့ရဲ့ စားဝတ်နေရေးအခြေအနေတွေဘာတွေ မြေပြန့်ကနေလာတဲ့ဟာတွေ သူတို့က ဖြတ်တောက်မှုတွေ ပိုပိုပြီးတော့လုပ်တာ။ ဒါပေမဲ့ ကျနော်တို့ မစိုးရိမ်ပါဘူး။ ဒီလမ်းတွေကတော့ ကျနော်တို့က စိုးမိုးထားနိုင်ဖို့ အရေးကြီးတယ်။ အဲဒီ့အတွက် ကျနော်တို့က အစွမ်းကုန်ဆက်လက်ပြီးတော့ ကြိုးစားရမှာပေါ့၊ တိုက်ပွဲဝင်သွားရမှာပဲပေါ့။ ဒါဆိုရင်တော့ အဲဒီကြောင့် သူက မြို့ပေါ်လောက်မှာပဲ မာရှယ်လောက အကျုံးဝင်တယ်လို့ ကျနော်ပြောထားတဲ့အတိုင်း ဒီ လမ်းပန်းဆက်သွယ်ရေး၊ အဲဒါတွေက ပိုပြီးတော့ ကျနော်တို့က စိုးမိုးနိုင်ဖို့တော့လိုတာပေါ့။ အဲဒါမှသာ စစ်ဘေးရှောင်အနေအထားကို ကျနော်တို့ဖြတ်သန်းနိုင်မှာ။ ဖြေရှင်းနိုင်မှာ။ သူကတော့ ပြည်သူလူထုကို သတ်ဖြတ်နေပြီ။ စစ်ဘေးရှောင်တွေကို ကူညီဖို့ဆိုတာကတော့၊ သူ့အမြင်ကတော့ ဒီစစ်ဘေးရှောင်တွေအားလုံးကို တော်လှန်ရေး ဘက်တော်သားတွေချည်းပဲ၊ အဲလိုပဲမြင်တယ်ဆိုတော့၊ သူတို့က လူထုကို ဒုက္ခရောက်အောင် အမြဲလုပ်နေမယ်။ ကျနော်တို့တပ်ကနေ ဒါတွေအားလုံး ဝိုင်းဝန်းပြီးတော့ ဖြေရှင်းရမယ့် ဥစ္စာဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ဆရာဆလိုင်းထက်နီကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။   အင်တာဗျူးရုပ်သံ

ဆက်စပ် သတင်းများ