ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

သင်တန်းဆင်းကော်ဘရာစစ်ကြောင်းကို NUG ကသေနတ်အလက် ၅၀ ပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆/ ၂၀၂၂

 အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒီဇင်ဘာ ၂၅ ရက်နေ့က ပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲတွင် သေနတ်အလက် ၅၀ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းသင်တန်းဆင်းပွဲကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ ၆ နယ်မြေတွင်ပြုလုပ်ခဲ့ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း NUG က သတင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရ တစ်နှစ်စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့်  သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့်  ပြည်သူ့ကာကွယ်ရေး တပ်မတော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှု အစရှိသည့်  အကြောင်းအရာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များအား တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှုပါ ပြုလုပ်ခဲ့ကြပြီး  NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်း ရဲဘော်များကို ဂုဏ်ပြုငွေ ၁၀သိန်း ပေးအပ်ခဲ့သည်ဟု သိရသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) မှ ဒေါ်ဖြူဖြူသင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး အိသဉ္စမောင်နှင့် ာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

(ဓာတ်ပုံ- NUG)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!