ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မှော်ဘီရှိ စစ်ကောင်စီ ဗိုလ်သင်တန်းကျောင်းကို ၄၀ မမဖြင့် USO ပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 565

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၈/ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ ဗိုလ်သင်တန်းကျောင်းအား မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း
 Urban Special Operation (USO)က  ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၇ ရက်၊ ည ၈ နာရီခန့်တွင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကင်းနှင့် ကျောင်းဝန်းအတွင်း ထိခိုက်မှုများ ရှိနိုင်သဖြင့် အများပြည်သူများ သတိထား သွားလာကြရန်လည်း USO က သတိပေးမေတ္တာရပ်ခံထားသည်။

နောက်ပိုင်းတွင်လည်း ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စုတို့၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ဗိုလ်သင်တန်းကျောင်းအား
 Operation Flame (OF)အဖွဲ့ကလည်း ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က တိုက်ခိုက်ခဲ့သေးသည်။

USO သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က မန္တလေးမြို့၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို တာဝေးပစ် (၁၀၇) မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်းကလည်း မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်မှု၊ စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ် ဗုံးပစ်တိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်ရှိ ဦးပိုင်ကုန်ကားဝင်းအား (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် စစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်) ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု USO က ယခင်ကလည်း သတိပေးထားသည်။

 

ဓာတ်ပုံ - လူထုနွေဦး

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!