ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင် သက်ဆိုးရှည်မည့် မည်သည့် ထောက်ပံ့မှုမျိုးကိုမဆို ထိထိရောက်ရောက်ဟန့်တားသွားရန်လိုအပ်ဟု TNLA ဥက္ကဋ္ဌ ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂၀၂၃

ရွေးကောက်ပွဲ အပါအဝင် စစ်အာဏာရှင် သက်ဆိုးရှည်မည့် မည်သည့် ထောက်ပံ့မှုမျိုးကိုမဆို ထိထိရောက်ရောက် ဟန့်တားသွားရန်လိုအပ်သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF – TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာရှင် အဆက်ဆက် အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတာတွေ တွေ့မြင်နေရတယ်။ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်မယ့် ဘယ်လို ထောက်ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ အင်အားစုနယ်မြေ တွေမှာ ထိထိရောက်ရောက်ဟန့်တားကြဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် တအောင်းအမျိုးသား တော်လှန် ရေး နေ့ နှစ် (၆၀)ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် အထက်ပါအတိုင်းထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီလိုဟန့်တားဖို့ အခွင့်အရေးကို မိမိတို့တော်လှန်ရေး အင်အားစုတွေဘက်က အပြည့်အဝ ပိုင်ဆိုင်ထားတယ်။ ဒီအခွင့်အရေးကို ကောင်းစွာအသုံးချမှသာ နောင်လာနောင်သား မျိုးဆက်သစ်တွေက စစ်ကျွန်ဘဝကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်ဟု ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆိုသည်။

စစ်အာဏာရှင်၏ ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ ကိုလည်း သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများတွင် ထိထိရောက်ရောက် ဟန့်ထားကြရန်ကိုလည်း ၎င်းကတိုက်တွန်း ပြောဆိုသည်။

နှစ် (၆၀) ပြည့်တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်  ၃ ဖွဲ့ အထဲက ကိုးကန့် (MNTJP/ MNDAA) နှင့် ရက္ခိုင် (ULA/ AA) တို့မှလည်း ဂုဏ်ပြုသဝဏ်လွှာ ရေးသား ပေးပို့ခဲ့ကြောင်း သိရှိရသည်။

၎င်းသဝဏ်လွှာတွင်  ကိုးကန့်၊ တအာင်း၊ ရက္ခိုင်လူမျိုးများအပါအဝင် မြန်မာနိုင်ငံအတွင်းက လူမျိုးအသီးသီးတို့သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာ ဖန်တီးနိုင်ခွင့်တို့အတွက် အမျိုးသားလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများကို တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်းပြီး လက်နက်ကိုင်တော်လှန် တိုက်ခိုက်နေကြဆဲဖြစ်သည်။ ဆက်လက်၍လည်း မိမိတို့ အဖွဲ့အစည်းများ၏ တူညီသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ကို မရမချင်းဟန်ချက်ညီလက်တွဲကာ စုဖွဲ့ တော်လှန် တိုက်ပွဲဝင်နေကြရဦးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းပြင် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ဘုံရန်သူ၏ စစ်ရေး၊ နိုင်ငံရေးထိုးနှက်ချက်များနှင့် လူမျိုးရေး သပ်လျိုဖြိုခွဲခြင်းများကို ချစ်ခင်စည်းလုံးညီညွတ်စွာဖြင့် တက်၊ ဆုတ်ညီစွာအတူတကွ လက်တွဲ ရင်ဆိုင် ဖြေရှင်းခဲ့ကြကြောင်း၊ ထို့အတူ ဟန်ချက်ညီတိုက်ပွဲများအတွင်း ညီနောင်မဟာမိတ် စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ်များကို ပြသနိုင်ခဲ့သည့် အပြင် စည်းလုံးညီညွတ်မှု ပြယုဂ်ကို စစ်မြေပြင်၌ လက်တွေ့ကျကျ ပြသနိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

 “မိမိတို့ အချင်းချင်းအကြား ရှိသော စည်းလုံးညီညွတ်မှုသည် ပိုမိုအားကောင်းခြင်းနှင့်အတူ စည်းလုံးမှု အင်အားကိုလည်း မည်သည့်အချိန်တွင်မဆို ဆက်လက်ပြသရန် အသင့်ရှိကြောင်း ဖြင့်လည်း ဖော်ပြထားသည်။

 ထိုအပြင် တအောင်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၆၀)ပြည့် အခမ်းအနားသို့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် BPLA၊ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ PNFC၊ ကျောင်းသားလက်ရုံးတပ်တော် SAF၊ မန္တလေး PDFနှင့် အခြား စစ်အာဏာစနစ်အား ဆန့်ကျင်တော်လှန်နေကြ သည့် နွေးဦးတော်လှန်ရေးအတွင်း ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့များမှလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

 ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် တအာင်းတော်လှန်ရေးတပ်ဖွဲ့ စတင်သန္ဓေတည်ခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

(ဓာတ်ပုံ - PSLF – TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း မိန့်ခွန်းနှင့် TNLA ဗိုလ်လောင်းသင်တန်းနှင့် အလုပ်သင်အရာရှိ သင်တန်းဆင်းပုံများ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!