ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ဖမ်းဆီးထားသည့် သတင်းသမားများအားပြန်လွှတ်ပေးရန် သတင်းမီဒီယာကောင်စီတောင်းဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 615

ဖမ်းဆီးထားသည့်သတင်းသမားများအားပြန်လွှတ်ပေးရန်လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးထောင်ချခံထားရသူများအထဲမှ ဇန်နဝါရီလ ()ရက် လွတ်လပ်ရေး နေ့တွင် သတင်းမီဒီယာ သမားများဖြစ်သော ကိုကောင်းဆက်လင်း (MPA) ကိုထွန်းသန်းအောင်နှင့်ကိုတိုးအောင် (မဲခေါင်သတင်းဌာန သတင်းထောက်ဟောင်း) တို့ သုံးဦး အပါအဝင် အကျဉ်းသားတချို့ ပြန်လွတ်လာခဲ့သည်။

သို့သော် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ()ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်း ထောင်ချခံခဲ့ရသူ သတင်းသမား စုစုပေါင်း (၁၇၀) ဦး ရှိသည့် အနက် (၁၁၈)ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ကျန်သတင်းသမား (၅၂)ဦးမှာ နိုင်ငံအတွင်းရှိ ကျဉ်းထောင် အသီးသီးတွင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူတင်ဆက်နေသော သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် မည်သည့် တားဆီး နှောင့်ယှက်မှု/ ဖမ်းဆီးထောင်ချမှုများကိုမဆို ပြင်းထန်စွာရှုံ့ချပြီး မတရား ဖမ်းဆီးခံထားနေရဆဲ ဖြစ်သော သတင်း သမားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က အထူးသဖြင့် ကျနော်တို့ သတင်းသမားတွေကို မတရားပုဒ်မတွေ၊ အဓိပ္ပာယ်မရှိတဲ့ ဥပဒေတွေနဲ့ မတရား ဖမ်းဆီးထောင်ချနေတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ရှုတ်လည်း ချတယ်။ နောက်တစ်ခုက ဥပဒေအရ တရားဝင်တဲ့ စွပ်စွဲချက်တွေလည်း မဟုတ်ပါဘူး။ အခုလည်း မရှင်ဒေဝီပေါ့လေ။ သူက Film maker ပါ။ အရင်က သတင်းသမားလည်း လုပ်ခဲ့ဖူးပါတယ်။ အခုလိုမျိုး မတရားဖမ်းဆီးပြီး မတရား ထောင်ချတာလို့ပဲ ပြောချင်ပါတယ်။ လက်လည်းမခံပါဘူး။ အဲ့ဒီလိုပဲ သူနဲ့အတူ တခြား ၅၂ ယောက် ထောင်ထဲမှာ ကျန်ပါသေးတယ်။ သူတို့တွေမှာ သတင်းမီဒီယာလုပ်ငန်းဟာ သူတို့ရဲ့ Professional အလုပ်ဖြစ်တယ်။ သတင်းရယူတယ်။ ဖြန့်ဖြူးတယ်ဆိုတာ တရားဝင်လုပ်ငန်းသာ ဖြစ်တယ်။ နောက်ပြီး ပြည်သူတွေ သတင်း သိပိုင်ခွင့်အတွက်လည်း လုပ်ပေးနေကြတာဖြစ်တယ်။ အဲ့ဒီတော့ ဒီကျန်နေသေးတဲ့ သတင်းသမားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ သူတို့ရဲ့လွတ်မြောက်ရေးကို ကျနော်တို့သတင်းမီဒီယာ ကောင်စီအနေနဲ့ အတတ်နိုင်ဆုံး လက်တွေ့ကျတဲ့လုပ်နိုင်တာတွေ အကုန်လုပ်သွားပါမယ်"  ဟု ပြောဆိုသည်။

ယင်းအပြင် "Journalism is not a Crime." သတင်းသမားများ သတင်းရေးသားဖော်ပြခြင်းသည် ပြစ်မှုကျူးလွန်ခြင်း မဟုတ်၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အနေဖြင့်လည်းဖမ်းဆီးခံသတင်းသမားမျာ; အမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင် မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။(NN-7)

Photo by DW

ဆက်စပ် သတင်းများ