အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မြို့ ၆ မြို့နှင့် စစ်တပ်စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်ရရှိထားကြောင်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ ၊ မတ် ၂၃ / ၂၀၂၄

ကရင်နီပြည်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မြို့ ၆ မြို့နှင့် စစ်တပ်စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်ရရှိ ထားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ မတ်လ ( ၂၃ ) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

သိမ်းပိုက်ရာတွင် သံလွင်အရှေ့ဘက်ခြမ်းနှင့် မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊မော်ချီးနှင့်မိုးဗြဲတို့ ပါဝင်သည်။ 

ကရင်နီ- ထိုင်းနယ်စပ်တစ်လျှောက် ၂၀၂၃ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင်စတင်ခဲ့သော မိုခါမှုန်တိုင်းစစ်ဆင်ရေးနှင့် နိုဝင်ဘာလတွင် စတင်သော (၁၁၁၁) စစ်ဆင်ရေး၏ အရှိန်အဟုန်တို့ကြောင့် ကရင်နီပြည်အတွင်းရှိ မြို့နယ်အချို့နှင့် နယ်စပ်တစ်လျှောက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် သံလွင်အရှေ့ဘက်ခြမ်းနှင့်မယ်စဲ့၊ ရှားတောမြို့နယ် တို့သည် စစ်ကောင်စီ ကင်းစင်နယ်မြေများ ဖြစ်လာခဲ့ကြောင်း ထူတ်ပြန်ချက်တွင်ဖော်ပြထားသည်။


ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်တွင် စခန်း(၅) ခု၊ ရှားတောမြို့နယ်တွင် စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( ၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်ကြောင်းထုတ်ပြန်ထားသည်။

(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ကြောင်းသိရသည်။

မိုခါမှုန်တိုင်းစစ်ဆင်ရေးတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ နယ်စပ် စခန်း (၇) ခုနှင့် မဲစဲ့မြို့ကို ၂၀၂၃ခုနှစ်အတွင်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

(၁၁၁၁) စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်သော လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနှင့် မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်များ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အား ဖြည့်တင်းရကြောင်းသိရသည်။


(၁၁၁၁) စစ်ဆင်ရေး အရှိန်ဖြင့် စစ်ကောင်စီတပ်ဘက်မှ မြို့နယ်များ နှင့် ရှေ့တန်းစခန်းအချို့ကို လက်လွတ်ခဲ့ရသည့်အပြင် သံလွင်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်း စခန်းကုန်းများ၊ နယ်စပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်သဖြင့် နယ်မြေထိန်းချုပ်နိုင်မှု အခြေအနေ မရှိတော့သောကြောင့် စစ်ကောင်စီတပ်များသည် တပ်ဆုတ်ခွာခဲ့ရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

(၁၁၁၁) စစ်ဆင်ရေး နောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ စိုမိုးနယ်မြေများမှာ ပိုမိုကျယ်ပြန့်လာပြီး ကရင်နီပြည်တဝှမ်းလုံးတွင် စိုးမိုးတပ်ဖြန့်နိုင်သဖြင့် စစ်ကောင်စီတပ် များသည် ၄င်းတို့တပ်များတည်ရှိသော နေရာ အနည်းငယ်တွင်သာ နယ်မြေစိုးမိုးနိုင်တော့ကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွှတ်မှုနှင့် ပြည်သူများ၏ ကူညီ ထောက်ပံ့မှု၊ အားပေး ထောက်ခံမှုတို့ကြောင့် မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများအောင်မြင်မှုရရှိခြင်းဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးအတွင်း အသက်ပေးသွားသော တော်လှန်ရေးရဲဘော်များ၊ ရဟန်းရှင်လူများ နှင့် ပျက်စီးသွားသော ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ် တိုင်တည်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြု သည်ဟု ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုမှထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!