တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် အစာမှား၍ ဝမ်းလျှောရာမှ လူ ၃၄ ဦး ဆေးရုံတင်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6k

အိ်မ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဂူဒါရပ်ကွက်မှ လူပေါင်း ၃၄ ဦးကို အစားအစာမှားပြီး ဝမ်းလျှောရာမှ  တောင်ကုတ်ဆေးရုံတွင် ယမန့်နေ့ ညနေ ၅ နာရီခန့်က ဆေးကုသမှုခံယူခဲ့ရကြောင်းသတင်းရရှိသည်။

ဝမ်းလျှောသူ ၃၄ ဦးတွင် ၁၁ ဦးမှာ ပြင်းထန်သဖြင့် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း၊ သို့သော်လည်း စိုးရိမ်စရာမရှိကြောင်း တောင်ကုတ်မြို့ ဂူဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။

“ခေါက်ဆွဲမှာ ဂေါ်ဖီ၊ မုလာဥ နီ၊ ပဲသီး၊ ကြက်ဥတွေနဲ့ ရောကျော်ပြီး ကျွေးခဲ့ကြတာ။ လုပ်ကျွေးတဲ့လူရော စားတဲ့ လူအကုန်လုံး ဆေးရုံတင်လိုက်ရတာ။ ကားနဲ့ သုံးခေါက်ပို့ပေးရတယ်။ ဂေါ်ဖီကဖြစ်တာလို့ ဆေးရုံက သုံးသပ်ကြတယ်” ဟု ၎င်းက ပြောသည်။

အရေးပေါ်ဆေးကုသမှုခံယူပြီး အိမ်ပြန်ခဲ့ရသူများလည်း ရှိကြောင်းဈ၊ အတွင်း လူနာအဖြစ် ကုသမှုခံယူနေရသူများမှာလည်း စိုးရိမ်စရာမရှိတော့ကြောင်း ၄င်းက ပြောသည်။

၎င်းတို့သည် ခေါက်ဆွဲကျော်ကို စက်တင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီက ဆေးရုံသွားလမ်းအား ကွန်ကရစ် ခင်းနေသူ အလုပ်သမားများနှင့် အတူစားခဲ့ကြပြီး  စက်တင်ဘာ ၉ ရက်နေ့ ညနေရောက်မှ ဝမ်းလျှောခဲ့ကြခြင်း ဖြစ်သည်ဟု ၄င်းရပ်ကွက်မှမျက်မြင်များ၏ ပြောပြချက်အရသိရသည်။

၄င်းရပ်ကွက်မှ ဒေါ်လှလှဝင်းက “အဲဒီလမ်းလုပ်တဲ့အလုပ်သမားတွေကို ရပ်ကွက်ထဲက စေတနာရှိတဲ့လူတွေက မုန့်တွေလုပ်ကျွေးကြတယ်။ အဲဒီ ၈ ရက်နေ့ နေ့လည်ကလည်း ခေါက်ဆွဲကျော်ကျွေးကြတာ။ လုပ်ကျွေးတဲ့ သူတွေလည်း စားကြတာပဲ။ သူတို့အားလုံး နောက်တစ်နေ့ စက်တင်ဘာ ၉ ရက်နေ့  တစ်ရက်တည်းမှာ အကုန်ဝမ်းလျှောကြတယ်။ အကုန်ဆေးရုံတင်ရတယ်” ဟု ပြောသည်။

ဆက်စပ် သတင်းများ