ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်တွင် ရေလုပ်သားငါးဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ပုတ်ကျေးရွာမှ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေက ငါးရှာရန် ထွက်သွားသည့် စက်လှေနှင့်အတူ ရေလုပ်သားငါးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၄င်းတို့မှာ မာန်အောင်မြို့နယ် သစ်ပုတ်ကျေးရွာမှ မောင်မောင်လတ်(၄ဝ)နှစ်၊ မောင်မောင်ရင်(၃ဝ)နှစ်၊ ဦးငထောင်(၅၁)နှစ်၊ ဦးညီညီ(၄၂)နှစ်နှင့် ဦးငထီး(၄ဝ)နှစ်တို့ဖြစ်ကြသည်။  ဦးငထီး သံတွဲမြို့နယ်မှ ငါးဖမ်းလုပ်သားအဖြစ်လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ ဦးမောင်မောင်လတ်၏ ဇနီးဖြစ်သူ ဒေါ်သန်းဝင်းမြိုင်က “အဲဒီနေ့က မိုးနည်းနည်းတော့ ရွာတယ်။ တခြားစက်လှေတွေက ပင်လယ်မှာ လှိုင်းကြီးတယ်လို့ပြောတယ်။ နောက်တစ်နေ့ စိတ်ပူလို့ ဖုန်းဆက်ကြည့်တော့ သူတို့စက်လှေ ဒီဇယ်ကုန်လို့ ပင်လယ်ထဲမှာ ငါးဖမ်းပိုက်နားမှာ ရပ်ထားတယ်လို့ ပြောတယ်။ ဖုန်းပြောနေရင်း လိုင်းမကောင်းလို့ ဖုန်းကျသွားပါတယ်။ ထပ်ခေါ်တော့ စက်ပိတ်သွားပါတယ်။ နောက်ပိုင်း အဆက်သွယ်မရတော့ပါဘူး” ဟုပြောသည်။

စက်လှေမှာ ဦးမောင်မောင်လတ်၏ စက်လှေဖြစ်ကြောင်း၊ စက်လှေထွက်ခွာသွားပြီးနောက်တစ်နေ့တွင် ဖုန်းအဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်းပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

၄င်းတို့နှင့် အောက်တိုဘာ ၂၈ ရက်နေ့နံနက်က အဆက်အသွယ်နောက်ဆုံးရရှိခဲ့ပြီးနောက် ပျောက်ဆုံး နေသည်မှာ ယနေ့အထိဖြစ်ကြောင်း သူမက ဆက်ပြောသည်။

“နေ့တိုင်းရွာက စက်လှေတွေနဲ့ထွက်ရှာကြပါတယ်။ မတွေ့ပါဘူး။ ဒီရေအကျနဲ့မျောပါသွားတယ်လို့ထင်ပါတယ်။ သေလား၊ ရှင်လားမသိရတော့ စိတ်ပူတာပေါ့ရှင်။ ပြောပြဖို့မတတ်အောင်စိတ်ပူပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရဲကိုလည်းတိုင်ထားတယ်။ သက်ဆိုင်ရာတွေကလည်း ကူညီပြီးရှာပေးစေချင်တယ်” ဟုသူမကဆက်ပြောသည်။

၄င်းသစ်ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမြတ်သိန်းကလည်း ပျောက်ဆုံးနေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ ကျွန်တော်ကိုယ်တိုင်မဟုတ်ပေမယ့် ရွာက စက်လှေတွေနဲ့အဖွဲ့တွေ ရှာနေကြပါတယ်။ မာန်အောင်ပင်လယ်က ဘင်္ဂလားပင်လယ်နဲ့တစ်ဆက်တည်းဆိုတော့။ သိတဲ့အတိုင်းပါပဲ တိုင်တန်းထားလည်း ကျွန်တော်တို့ မာန်အောင် ဘက်မှာက ကယ်ဆယ်ရေးအဖွဲ့တွေလည်း မရှိတော့။ မိသားစုကတော့ စိတ်ပူနေကြတယ်” ဟုပြောသည်။

၄င်းတို့ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်၍  ကျေးရွာသားများက စက်လှေများဖြင့် ကူညီရှာဖွေနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ