စနေ၊ မေလ ၄ရက်၊ ၂၀၂၄

လှေလုပ်သားတစ်ဦးပြုတ်ကျပျောက်ဆုံးခဲ့သည့် စက်လှေထပ်မံနစ်မြုပ်သွား၍ လှေပိုင်ရှင်နှင့် လှေလုပ်သား ၂ ဦး ထပ်မံပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 845

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ လှေလုပ်သားတစ်ဦးပြုတ်ကျပျောက်ဆုံးနေခဲ့သည့် စက်လှေသည် ယနေ့မနက်က ပင်လယ်ထဲနစ်မြုပ်ပြီး လှေပိုင်ရှင်နှင့် လှေလုပ်သား ၂ ဦးအပါအဝင် သုံးဦး ထပ်မံ ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

နစ်မြုပ်သွားသည့်စက်လှေမှာ ဂျိတ္တောအမှတ် (၆) ရပ်ကွက်မှ ဦးဝင်းထွန်း၏ ပုဇွန်ပိုက်စက်လှေ (ဂျမ်းလှေ)ဖြစ်သည်။

အဆိုပါစက်လှေသည် ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ နံနက်အရုဏ် ၄ နာရီခန့်တွင် ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနှင့် ဘဲကျွန်းအနီးပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်ပြီး ယခုကဲ့သို့ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ပြောသည်။

စက်လှေပိုင်ရှင်ဦးဝင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်အေးချေက "မနက်မိုးလင်းအရုဏ်လောက်မှာ ကျွန်မအမျိုးသားကဖုန်းဆက်ပါတယ်။ စက်လှေတော့ ရေဝင်ပြီးမြုပ်နေပြီ။ သူ့သူငယ်ချင်းကို စက်လှေတစ်စင်းယူပြီး သူတို့ရှိတဲ့နေရာကိုအမြန်လွှတ်ဖို့ပြောပါတယ်။ ဖုန်းပြောနေရင်းမှာပဲမြုပ်နေပြီ၊ မြုပ်နေပြီလို့အော်ပြောနေပြီး အဆက်သွယ်မရဖြစ်သွားပါတယ်" ဟု ပြောသည်။

နောက်တစ်ခေါက် ထပ်မံဖုန်းဆက်သွယ်ကြည့်ရာ ဖုန်းအဆက်သွယ်မရရှိတော့ကြောင်း ဒေါ်အေးချေက နိရဥ္စရာသို့ပြောသည်။

ပျောက်ဆုံးသွားသူများမှာ စက်လှေပိုင်ရှင်ဦးဝင်းထွန်း၊ လှေလုပ်သားများဖြစ်သည့် ဦးကျော်စိုးမင်း(၄၁)နှစ်နှင့် ကိုသန်းလွင်ဦး(၂၂)နှစ်တို့ သုံးဦးဖြစ်ကြောင်း သိရသည်။

အဆိုပါစက်လှေသည် စက်တင်ဘာလ ၉ ရက်က လှေပိုင်ရှင်ဦးဝင်းထွန်းအပါအဝင် လှေလုပ်သား ၃ ဦးတို့ဖြင့် ပင်လယ်ပြင်သို့ ပိုက်ဆွဲရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ ရက်မနက်ပိုင်းတွင် ကျိန္တလီမြို့၊ ကြွေချိုင်အနီးပင်လယ်ပြင်တစ်နေရာတွင် လှိုင်းကြီးသည့်အတွက် စက်လှေပေါ်ရှိ လှေလုပ်သားတစ်ဦးဖြစ်သူ ဂျိတ္တောအမှတ်(၅)ရပ်ကွက်မှ ဦးလှသန်း(ခ)ကိုထားဝယ် (၄၇) နှစ်သည် လှေပေါ်မှပြုတ်ကျပျောက်ဆုံးနေခဲ့ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ပြောသည်။

ယင်းနောက်တွင် လှေပေါ်ကျန်နေခဲ့သည့် လှေပိုင်ရှင်နှင့်အတူ နောက်ထပ်လှေလုပ်သား ၂ ဦးတို့သည် စက်လှေနစ်မြုပ်မှုကြောင့် ထပ်မံပျောက်ဆုံးသွားကြခြင်း ဖြစ်သည်။ (NN-23)

ဆက်စပ် သတင်းများ