တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပြန်လွတ်လာသည့် မောင်တောပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားအစိုးရက ခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဥ္စရာ၊ ဇွန်လ ၂၃/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဒေါ်ဥမ္မာကျော်တို့မှာ ပြန်လွတ်လာခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ပြန်လည်ခေါ်ဆောင်သွားသည်ဟု သိရသည်။
သူတို့ကို ယနေ့ ဇွန်လ ၂၃ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ပြန်လည်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့အရေးကူညီဆောင်ရွက်ပေးနေသည့် မောင်တောမြို့နယ်မှ နံ့သာတောင်ဆရာတော် ဦးစရဏက နိရဥ္စရာကိုမိန့်သည်။
“အခု ဘင်္ဂလားအစိုးရက ယူသွားတယ်။ သူတို့က နှစ်နိုင်ငံ အရွှေ့အပြောင်း လုပ်မယ်ဆိုပြီးတော့။ ဘင်္ဂလားအစိုးရကလည်း စစ်ဆေးမေးမြန်း စရာတွေရှိသေးတယ်ဆိုပြီးတော့ ယူသွားတာ။ ဆရာ၊ ဆရာမနှစ်ယောက်က မောင်တောကို မရောက်ခဲ့ကြဘူး” ဟု မိန့်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများက ခေါ်ဆောင်သွားသဖြင့် ၎င်းတို့နှစ်ဦး၏ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း၊ တရားဝင်လမ်းကြောင်းမှ နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများမှတဆင့် လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ပြန်ပေးဆွဲခံခဲ့ရသည့် ၄င်းတို့နှစ်ဦးကို ယနေ့နံနက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် နတ်မြစ်ကမ်းခြေရှိ ခြံချောင်းရခိုင်ရွာအနီး ပြန်ပေးဆွဲသမားများက လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ခြံချောင်းကျေးရွာမှတဆင့် မောင်တော ငခူရဘက်သို့ ပြန်လာရန်ပြင်ဆင်နေစဉ် ဘင်္ဂလားဒေ့ရှ်အစိုးရက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး လွတ်မြောက်လာသူနှစ်ဦး၏မိသားစုဝင်များနှင့် မောင်တောမြို့နယ်ပညာရေးမှူးတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့သည် ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ် သင်္ဘောလှရွာမှ မောင်တောမြို့ရှိ မြို့နယ် ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားစဉ် လမ်းတွင် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။
ပြန်ပေးဆွဲသမားများက ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅ဝ ဖြင့် ပြန်ရွေးရန်တောင်းဆိုခဲ့သည့်အတွက် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့ဦးဆောင်သောတာဝန်ရှိသူများက ငွေများကို လွှဲပေးခဲ့ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်လာခြင်းလည်းဖြစ်သည်။ (NN-11)
Photo - Aung Kyaw Min Min

ဆက်စပ် သတင်းများ