စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းရဲစခန်းတွင် ဘေးတွဲဆိုင်ကယ်အပါအဝင် ဆိုင်ကယ်စီးရေ ၅ဝ ခန့်ကို ရက်ပေါင်း ၂ဝ ကျော်ကြာဖမ်းဆီးထား၍ ပိုင်ရှင်များ စားဝတ်နေရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ အောက်တိုဘာ /၂ဝ၂၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းရဲစခန်းတွင် ဘေးတွဲဆိုင်ကယ်နှင့် နှစ်ဘီးဆိုင်ကယ် စီးရေ ၅ဝ ခန့်ကို ရက်ပေါင်း ၂ဝ ကျော်ကြာဖမ်းဆီးထား၍ လုပ်ကိုင်စားသောက်စရာ အလုပ်မရှိသဖြင့် ဘေးတွဲဆိုင်ကိယ် ပိုင်ရှင်များအနေဖြင့် စားဝတ်နေရေးခက်ခဲနေကြသည်ဟု ကာယကံရှင်များက ပြောသည်။

ထိုဆိုင်ကယ်များကို လိုင်စင်မဲ့ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့လမ်းဆုံအနီးရှိ ရေဖြူကန်တံတားအနီးတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဘေးတွဲဆိုင်ကယ်မောင်းသမားများက ပြောသည်။

လိုင်စင်မဲ့ဆိုပြီးတော့ ဖမ်းဆီးသွားတာပါ။ ဒီနေ့ထိ ပြန်မပေးသေးဘူး။ ဒီဆိုင်ကယ်တွေနဲ့ လုပ်စားနေရတာဆိုတော့ အခု ကျနော်တို့မှာ စားဝတ်နေရေး တော်တော်ဒုက္ခရောက်နေပါတယ်ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဘေးတွဲဆိုင်ကယ်စီးရေ ၃ဝ ခန့်နှင့် နှစ်ဘီးဆိုင်ကယ်စီးရေ ၂ဝ ခန့်တို့ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ရက်အထိ ပြန်လွှတ်မပေးသေးဟုဆိုသည်။

ပုဏ္ဏားကျွန်းတွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ပြီး ဒဏ်ကြေးငွေသွားရောက်ဆောင်ပါက ချက်ချင်းပြန်လွှတ်ပေးခဲ့မှုများ ရှိခဲ့သည်ဟုလည်း ဆိုကြသည်။

ဘေးတွဲမောင်းသမားတစ်ဦးကအရင်ကဆိုရင် တစ်စီးကို ကျပ် ၂ သောင်းပေးရင် ချက်ချင်း ပြန်လွှတ်ပေးတယ်။ အခု ၂ သောင်းအထက်ပေးလည်း ပြန်မပေးဘူးဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

လက်ရှိတွင် ရခိုင်တစ်ပြည်လုံးရှိ ကား/ဆိုင်ကယ်များ၏လိုင်စင်များကို စစ်ကောင်စီက အထူးတင်းကျပ်ကာ စစ်ဆေးမှုများရှိသည့်အပြင် ဆိုင်ကယ်ဘောက်များကိုပါ ဖွင့်ဖောက်စစ်ဆေးခြင်းများလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်တွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များကိုလည်း စစ်တွေရှိ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးတွင် One Stop Service စနစ်ဖြင့် လုပ်ဆောင်ပေးလျက်ရှိပြီး အခြားမြို့နယ်များသို့လည်း ကွင်းဆင်းလုပ်ပေးရန်အစီအစဉ်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ