တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တိုင်းမ်မဂ္ဂဇင်း၏ ၂၀၂၃ ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်ထည့်သွင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.5k

(တာလီဘန်ပြီးလျှင် ကမ္ဘာ့အဆိုးရွားဆုံးအာဏာရှင်ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ညွှန်းထား)

နိရဉ္စရာ၊ ဧပြီ ၁၆/၂၀၂၃ (နိုင်ငံတကာ)

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကမ္ဘာကျော် Time မဂ္ဂဇင်း၏ ၂၀၂၃ခုနှစ် အတွင်း ကမ္ဘာ့ဩဇာလွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြထားသည်။

တိုင်းမ်မဂ္ဂဇင်းသည် နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံးရှိ နယ်ပယ်အသီးသီးမှ ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းကို ရွေးချယ်တင်ပြခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Leaders ကဏ္ဍတွင် အခြားသော ခေါင်းဆောင်များနှင့်အတူ ဖော်ပြခံရခြင်းဖြစ်သည်။

သို့သော် အခြားခေါင်းဆောင်များနှင့် မတူဘဲ မိမိနိုင်ငံအား ကမ္ဘာ့အထီးကျန်နိုင်ငံအဖြစ် ပြန်လည် ပို့ဆောင်ခဲ့သူ၊ ကမ္ဘာပေါ်တွင် တာလီဘန်များပြီးလျှင် ဒုတိယအဆိုးရွားဆုံး အာဏာရှင်ခေါင်းဆောင် အဖြစ် ထင်ရှားသူဟု ဖော်ပြထားသည်။

Time မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဒီမိုကရေစီလိုလားသော အတိုက်အခံများကို အပြီးတိုင် ချေမှုန်းသွားမည့် အကြောင်ပြောကြားခဲ့မှု၊ ၄င်းအာဏာသိမ်းပြီးချိန်မှစ၍ ကျေးရွာအများအပြား အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရပြီး ထောင်ပေါင်းများစွာသော ပြည်သူများသတ်ဖြတ်ခံရမှု၊ နိုင်ငံသား တစ်သန်းကျော် နေရပ်စွန့်ခွ ထွက်ပြေးခဲ့ရမှု စသည်တို့ကို ဖော်ပြထားသည်။

၎င်းပြင် အာဏာမသိမ်းမီကပင် ၄င်းအား ကုလသမဂ္ဂက ရခိုင်ပြည်နယ်ရှိမွတ်ဆလင်များအား သုတ်သင်သတ်ဖြတ်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့်စွပ်စွဲထားပုံများကို ရေးသား ဖော်ပြထားသည်။

တိုင်းမ်မဂ္ဂဇင်း၏ ၂၀၂၃၊ ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း၏ Leaders ကဏ္ဍတွင် ယူကရိန်းသမ္မတဇီလန်းစကီး၏ ဇနီး အိုလီနာဇီလန်းစကီး၊ ဘရာဇီသမ္မတဟောင်း လူလာ ဒါဆေးလ်ဗား၊ ပါကစ္စတန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး ရှာရီ ရာမန်၊ အမေရိကန်ဆီးနိတ် ဝါရင့်ခေါင်းဆောင် မစ် မက်ကောနဲလ်၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီ၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၊ ယူကရိန်းလူ့ခွင့်ရေးရှေ့နေ အိုလက်ဆန်ဒရာ မက်ဗီချပ်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ  ဂျမနီအဓိပတအိုလက်ဖ် စခို့လ် စသူတို့ကို ဖော်ပြထားသည်။

နယ်ပယ်အသီးသီးတွင် သူ့နည့်သူ့ဟန်ဖြင့် ဩဇာလွှမ်းမိုးမှုရှိကြောင်း အကျဉ်းချုပ်ဖော်ပြထားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကမ္ဘာ့ဒုတိယအဆိုးရွားဆုံး အာဏာရှင်ခေါင်းဆောင်အဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။

 

NN-27

 ref: Time Magazine, April 13, 2023

ဆက်စပ် သတင်းများ