ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ်တွင် ICRC အကူညီဖြင့် ပြုပြင်ထားသည့်ရေကန် ၉ကန်တွင် ရေကန် ၅ကန်လုံးဝရေခမ်းခြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 412

(ရေရှိသည့်ကန် ၄ ခုတွင် တစ်ခုရေညစ်ညမ်း၊ တစ်ခုခပ်ယူသုံးစွဲမရဟုဆို)

နိရဥ္စရာ ၊ ဧပြီ ၂၄/၂၀၂၃  


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC၏ အကူညီဖြင့် ပြုပြင်ထားသည့် ရေကန် ၉ ကန်ထဲမှ ​ရေကန် ၅ ကန်မှာ ရေလုံးဝခမ်းခြောက်သွားပြ ဖြစ်ပြီး နောက်ထပ် ကန် ၄ ကန်တွင်လည်း ရေညစ်နွမ်းမှုရှိနေသည်ဟု သတင်းရရှိသည်။


ရေကန် ၅ ကန်တွင် ရေခမ်းခြောက်သွားပြီ ဖြစ်သဖြင့် ကျန်ရှိသည့် ကန်များတွင် အနီးအနားရှိ ပြည်သူများအနေဖြင့်  ရေကို အလုအယက်ခပ်ယူနေကြရကြောင်း သိရသည်။


အဆိုပါ ရေကန် ၉ ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် အများပြည်သူ သုံးစွဲနိုင်ရန် ICRC ၏အကူညီဖြင့် ပြန်လည် ပြုပြင်ခဲ့ခြင်းဖြစ်သည်။


ယနေ့ဧပြီလ ၂၃ ရက် ၊ မနက်ပိုင်းတွင် အဆိုပါရေကန်များသို့ ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ရာ ကန် ၅ ခုမှာလုံးဝခမ်းခြောက်နေပြီး ကျန်ကန်လေးခုထဲတွင် လည်း တချို့ကန်များမှာ ရေညစ်နွမ်းပြီး သုံးစွဲ၍မရဘဲ တချို့ကန်များမှာ ရေကိုအလုအယက်ခပ်ယူနေရပြီဟု ရခိုင်ပြည်နယ် စည်ပင်သာယာညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့်အတူ ရေကန်များကို ကွင်းဆင်းကြည့်ရှုခဲ့သည့် ဂေါယာမြေစောဝင်း အကောင့်ပိုင်ရှင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံများနှင့်အတူ ရေးသားမျှဝေထားသည်။


အဆိုပါ ရေကန် ၉ ခုတွင် ဆင်ကူးလမ်းရေကန်၊ အုန်းတပင်ရေကန်၊ ဓညဝတီရေကန်၊ ရွာသာယာရေကန်၊ မင်းဒြားချိတ်ရေကန်တို့မှာ ရေလုံးဝခမ်းခြောက်နေကြောင်း သူကဓာတ်ပုံများနှင့် တကွ ရေးသားမျှဝေ ထားသည်။


အလားတူ ရေကျန်ရှိနေသေးသည့် ကျောင်းကြီးလမ်းဟိန္ဒူကန်မှာ ရေညစ်နွမ်းနေကြောင်း၊ ဦးရဲကျော်သူရေကန်မှာ ရေလက်ကျန်အနည်းငယ်ကျန်ရှိသည်ကို အလုအယက်ခပ်ယူနေရကြောင်း၊ မင်းဒြားချိတ်ဝေဠုဝန်ကျောင်းရေကန်မှာ ရေအနည်းငယ်သာကျန်ရှိတော့ကြောင်း၊ တရားသီးစုရေကန်တွင်မူ ရေသင့်တင့်ရှိသော်လည်း လေးဘက်လေးတန်မှ အိမ်များ၊ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊လမ်းကြားတို့ကို အသေပိတ်ထား၍ ရေခပ်ယူသုံးစွဲ၍ မရဖြစ်နေကြောင်းသူက ရေးသားထားသည်။


စစ်တွေတမြို့လုံးကို ရေပေးဝေနေသည့် ကန်တော်ကြီးမှာ ယခုနှစ်နွေရာသီမကျမီပင် ရေလုံးဝခမ်းခြောက်သွားခဲ့ခြင်းဖြစ်သည်။


စစ်တွေမြို့ ကန်တော်ကြီးကို အင်္ဂလိပ်တို့ ရခိုင်ကို သိမ်းပိုက် အုပ်ချုပ်စဉ် ၁၉ဝ၆ ခုနှစ်တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး  ယင်းအချိန်က မြို့ရှိလူဦးရေအတွက် သောက်သုံးရေဖူလုံနိုင်ခဲ့သော်လည်း လက်ရှိတွင် မြို့နေလူဦးရေထူထပ်များပြားလာသည့်အတွက် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှစတင်ကာ သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့ဟု မြို့ခံများက ပြောသည်။


ထိုကန်တော်ကြီးအား ၂ဝ၁၄ နောက်ပိုင်းမှစတင်ကာ ဘတ်ဂျက်အမြောက်အများအကုန်အကျခံကာ အစိုးရက နှစ်စဉ်လိုလို တူးဖော်မှုများပြုလုပ်ကြသော်လည်း ငွေအလွှဲသုံးစားမှုများသဖြင့် စီမံကိန်းများမှာ အောင်မြင်မှု မရှိဘဲ နွေရောက်သည်နှင့် နှစ်စဉ်ရေများခမ်းခြောက်လျက်ရှိကြောင်း သိရသည်။


ယခုနှစ်တွင် ကန်တော်ကြီးရေခမ်းခြောက်သွား၍ ပြည်နယ်စစ်ကောင်စီက ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်ရေး မြေအောက်ရေတူးဖော်မှုကို သင်ဂနက်ကျေးရွာအနီး စက်ယန္တရားကြီးများဖြင့် တူးဖော်ခြင်းဖြစ်သည်။


မတ်လ ၃၀ ရက်က စစ်တွေမြို့သို့ ဒုတိယအကြိမ်ရောက်ရှိလာသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး မြေအောက်ရေ စမ်းသပ်တူးဖော်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး သင်္ဂနက်ရွာမှ စစ်တွေကန်တော်ကြီးသို့ သွယ်တန်းထားသည့် မြေအောက်အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ်ဖြည့်တင်းခဲ့သော်လည်း ရေအနည်းငယ်သာ ထွက်ရှိခဲ့ကြောင်း ကန်တော်ကြီးအနီးနေထိုင်သည့်ဒေသခံများက နိရဥ္စရာသို့ ပြောသည်။


ရခိုင်ပြည်နယ်ကောင်စီဥပဒေချုပ်ဦးလှသိန်း၏" သိကြားစေချင် ငွေသဇင်"လူမှုကွန်ရက်စာမျက်နှာတွင် မြေအောက်ရေတူးဖော်မှုမှ ရေထွက်တွင်းများ လာကြောင်း၊ ထွက်ရှိသည့်မြေအောက်ရေများအား ကန်တော်ကြီးထဲသို့ ပိုက်လိုင်းဖြင့် တိုက်ရိုက်သွယ်တန်း ဖြည့်တင်းကာ ကန်တော်ကြီးရေနှင့် အဝီစိရေကို စစ်တွေမြို့တွင်းသို့ တစ်နေ့ ရေဂါလံ (၁.၃)သန်းလောက် လွှတ်ပေးနေကြောင်း ဧပြီလ
၁၈ ရက်နေ့က ရေးသားမျှဝေထားသည်။


" ကန်တော်ကြီးမှတဆင့် စက်ရေတွင်း တူးစက်တွေက တူးဆဲပါ။ ရေထွက်တဲ့ တွင်းတွေလည်း များလာပါတယ်။ ထွက်တဲ့ရေတွေကို ကန်တော်ကြီးထဲ ပိုက်နဲ့ တိုက်ရိုက်ထည့်ထားပါတယ်။ ကန်တော်ကြီးရေနဲ့ မြို့တွင်း အဝီစိရေကို စုဆောင်းပြီး စစ်တွေမြို့တွင်းသို့ ရေပေးဝေနေပါတယ်" ဟု ရေးသားမျှဝေထားခြင်း ဖြစ်သည်။


ယင်းသို့ ရေပေးဝေနေသည်ဆိုသော်လည်း ရေပေးဝေမှုမှာအချိန်မမှန်ကြောင်း၊ လျှပ်စစ်မီး ပြတ်တောက်ချိန်တွင် ရေပေးဝေပြီး၊ လျှပ်စစ်မီးလာချိန်တွင် ရေမလာတော့၍ ရေတင်ရန် မလွယ်ကြောင်း၊ တချို့လမ်းများတွင် ရေလုံးဝမရရှိကြောင်း ကန်တော်ကြီး ရေသုံးစွဲနေ စစ်တွေမြို့၊ မိဇံရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။


" ရေပေးနေတယ်ဆိုပေမယ့် လာချင်တဲ့အချိန်မှ လာတယ်။ မီးပြတ်နေရင်ရေမလာဘူး။ရေလာတဲ့အချိန် မီးမရဘူး။ ကျနော်တို့မှာ ညဥ့် ၁၂ နာရီ၊ ၁ နာရီမှရေတင်ရတယ်။ တခါတလေဆိုရင် ညဥ့် ၃ နာရီလောက်မှရေတင်ရတယ်။ကျွန်တော်တို့နဲ့တလမ်းကျော်လောက်က လမ်းမှာတော့ ရေလုံးဝမရသေးဘူးလို့သိရပါတယ်" ဟု သူကပြောသည်။


စစ်တွေမြို့နှစ်စဥ် နွေရာသီရေပြတ်လပ်မှုဖြေရှင်းရန် မြောက်အောက်ရေ (အဝီစိရေ)က လက်တွေ့ကျသော ဖြေရှင်းနည်းမဟုတ်ဘဲ အသင့်တည်ဆောက်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ် ခမီကြိမ်ချောင်းဆည်မှ ရေသွယ်တန်းပေးဝေမှုသာ သားစဥ်မြေးဆက် ရေလိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်မည့်နည်းလမ်းဖြစ်ကြောင်းလည်း ဂေါယာမြေစောဝင်း အကောင့်ပိုင်ရှင်က ထောက်ပြ ပြောဆိုထားသည်ကိုတွေ့ရသည်။


"စစ်တွေမြို့သည် ရေပတ်လည်ဝိုင်းလျှက်ရှိသော်လည်း ရေငံများသာဖြစ်သည်၊ တောမရှိတောင်မရှိ၊ ဆည်မရှိ၊ရေချိုမရှိ။ ရေချိုအတွက်  ရေအရင်အမြစ်များကို  အဆင့်ဆင့်ရှာဖွေခဲ့သည်။ နောက်ဆုံး ပုဏ္ဏားကျွန်းမြို့နယ် ခမီကြိမ်ချောင်းဆည်သည်သာ သားစဥ်မြေးဆက် ရေရှည်ကုစားနိုင်မည် ဖြစ်ကြောင်းလည်း အပ်ကြောင်းထပ် တင်ပြခဲ့ပြီးပြီ" ဟု သူက ရေသားထားသည်။(NN-23)


ဓာတ်ပုံ- ဂေါယာမြေ စောဝင်း 

ဆက်စပ် သတင်းများ