ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ပေါက်တောမြို့တွင် သောက်သုံးရေရှားပါးမှုကြောင့် ငတပိုးတာတမံအား ရေလှောင်ဆည်အဖြစ်တည်ဆောက်ရန်တင်ပြထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ မတ်၂၃ /၂၀၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် သောက်သုံးရေရှားပါးမှုကြောင့် ၄၁ ဧကခန့်အကျယ်ရှိသော ငတပိုးတာတမံအား ရေလှောင်ဆည်အဖြစ်တည်ဆောက်ရန် သက်ဆိုင်ရာ ဌာနကို တင်ပြထားည်ဟု သိရသည်။

အဆိုပါငတပိုးတာတမံမှာ ပေါက်တောမြို့၊ ဘဝမ်းရပ်ကွက်(၄)တွင်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရေလှောင်ဆည်အဖြစ်တည်ဆောက်ရန် ဆည်မြောင်းဦးစီးဌာနက ကျပ်သိန်း ၃ဝဝ ကျော်ခန့် သက်ဆိုင်ရာ ဝန်ကြီးထံမှ တောင်းခံထားသည်ဟု ပေါက်တောမြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးတက်ထွန်းအောင်က ပြောသည်။

"
ပေါက်တောမှာက ရေရှားပါးတယ်။ နတ်တောင်ပြင်ဆည်နဲ့ ကြိမ်ခွေမော်ဆည်တို့က ရေပေးဝေနေတာ ဖြစ်တယ်။ အဲ့ဒီဆည်တွေကလည်း ရေနည်းလာနေပြီ။ ငတပိုးတမံကို ရေလှောင်ဆည်အဖြစ် တည်ဆောက်ဖို့ ကျပ်သိန်း ၃ဝဝ ကျော် ဘဏ္ဍာငွေအဖြစ်တောင်းခံထားတယ်။ ရဖို့အခြေအနေတော့ ရှိတယ်" ဟု နိရဥ္စရာကိုပြောသည်။

ငတပိုးတာတမံအား ရေလှောင်ဆည်အဖြစ်တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်ကလည်း ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူတို့၏သဘောထားကို တင်ပြတောင်းဆိုခဲ့၍ ဆည်အဖြစ်တည်ဆောက်ပေးရန် အစိုးရစီမံကိန်းအတွင်း ကတိကဝတ်ရှိခဲ့ကြသည်ဟုလည်း ဆိုသည်။

ငတပိုးတာတမံဧရိယာအကျယ်မှာ ၄၁ ဧကခန့်ရှိပြီး ရေလှောင်ဆည်အဖြစ်တည်ဆောက်မည်ဆိုပါက ပေါက်တောတွင် ရေရှားပါးမှုကို ကာကွယ်နိုင်မည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"
ပေါက်တောမှာက နတ်တောင်ပြင်ဆည်ကနေပြီး ရေပေးဝေတယ်။ နတ်တောင်ပြင်ဆည်ကလည်း ရေနည်းလာနေတဲ့အတွက် ၂၀၁၈ ခုနှစ်က ဘတ်ကျပ်ငွေအများကြီးကုန်ကျခံပြီး ကြိမ်ခွေမော် ဆည်ကနေ ပိုက်နဲ့သွယ်ပြီး နတ်တောင်ပြင်ဆည်ကိုတစ်ဆင့်ရေပေးဝေရတယ်။ အခု ငတပိုးတမံကို ရေလှောင်ဆည်လုပ်မယ်ဆိုတော့ ကောင်းပါတယ်။ ဒီအတိုင်း အသုံးမဝင်ဘဲရှိတဲ့အရာတစ်ခုကို အသုံးဝင်လာအောင်လုပ်မယ်ဆိုတော့ ကြိုဆိုပါတယ်" ဟု ပြောသည်။

လက်ရှိတွင် တောင်းခံထားသည့်ဘဏ္ဍာငွေရရှိလာပါက ချက်ချင်းအကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ပေါက်တောတွင် လက်ရှိ သောက်သုံးရေကို မြို့နှင့် ၂ မိုင်ခန့်ကွာဝေးသည့် နတ်တောင်ပြင်ဆည်မှ ပေးဝေနေခြင်းဖြစ်သည်။

နတ်တောင်ပြင်ဆည်တွင်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ ရေနည်းပါးလာနေ၍ နတ်တောင်ပြင်ဆည်နှင့် ၄ မိုင်ခန့် ကွာဝေးသည့် ကြိမ်ခွေမော်ဆည်မှရေကို ကျပ်သိန်း ၃ ထောင်ကျော် အကုန်ကျခံပြီး ရေပိုက်မှတစ်ဆင့် သောက်သုံးရေ ဖြန့်ဝေနေသည်ဟုလည်း ဒေသခံများက ပြောသည်။ (NN-12)

ဆက်စပ် သတင်းများ