စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ခရီးသည်တင်ကားနှင့် ဘေးတွဲဆိုင်ကယ်တိုက်မိ၍ အမျိုးသမီး ၃ ဦးအပါအဝင် ၄ ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 792

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ယိုးတရုပ်ကျေးရွာအနီး ကားလမ်းပေါ်တွင် ယမန်နေ့မေလ ၃၁ ရက်၊ ညနေပိုင်းက ခရီးသည်ကားနှင့် ဘေးတွဲဆိုင်ကယ်တစ်စီးတို့ ဝင်တိုက်မိရာမှ အမျိုးသမီး ၃ ဦးအပါအဝင်  လူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေ ၂ နာရီခွဲကျော်အချိန်က ယိုးတရုပ်ကျေးရွာမြောက်ဖက်၊ ကျေးတန်းချောင်းအနီး ကားလမ်းပေါ်တွင် ရွှေရည်ဆုဝေခရီးသည်တင်ကားနှင့် ဘေးတွဲဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယိုးတရုပ်ဒေသခံများက နိရဥ္စရာသို့ပြောသည်။

" ခရီးသည်တင်ကားက စစ်တွေဖက်ကိုသွားနေတာ။ ဘေးတွဲဆိုင်ကယ်ကတော့ မြတ်လှဲရွာဖက်ကို သွားနေတဲ့အချိန် ရှေ့ချင်းဆိုင်ဝင်တိုက်မိသွားတာလို့သိရတယ်။ ဘေးတွဲဆိုင်ကယ်က သုံးဘီးတစ်စီးကို ကျော်တက်တာမှာ ရှေ့ကလာတဲ့ကားနဲ့ မလွတ်ဘဲနဲ့တိုက်မိတာလို့ သိရပါတယ်" ဟု ယိုးတရုပ်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းသို့ယာဥ်တိုက်မှုဖြစ်ပွားပြီး ဘေးတွဲဆိုင်ကယ်မောင်းသည့်အမျိုးသားတစ်ဦးနှင့် ဘေးတွဲဆိုင်ကယ်တွင်လိုက်ပါလာသည့်အမျိုးသမီးသုံးဦးတို့မှာ ဒဏ်ရာပြင်းထန်ရရှိသွား၍ ယိုးတရုပ်တိုက်နယ်ဆေးရုံသို့ ပို့ထားရသည်ဟု သိရသည်။

"အမျိုးသမီးသုံးယောက်နဲ့ ဘေးတွဲဆိုင်ကယ်မောင်းတဲ့သူက ဒဏ်ရာရလို့ ညကချက်ချင်း ဆေးရုံတင်ထားရတယ်။အခုမနက်ပိုင်းမှာတော့ အမျိုးသမီးထဲကတယောက်ကို ဒဏ်ရာ အခြေအနေမကောင်းဘူးဆိုပြီး ဓာတ်မှန်ရိုက်ဖို့ စစ်တွေကိုပို့မယ်လို့ ပြောသံကြားတယ်" အဆိုပါ ယိုးတရုပ်ကျေးရွာသားက ပြောသည်။

ဒဏ်ရာရရှိပြီးဆေးရုံတင်လိုက်ရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြိန်းတောရွာမှ အသက်(၂၂)အရွယ်ဘေးတွဲမောင်းသူလူငယ်တစ်ဦး၊ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် နောက်ထပ်အမျိုးသမီးတစ်ဦး၊ ကျောက်တော်မြို့နယ်တူးမြောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင် သိရသည်။(NN-23)

ဆက်စပ် သတင်းများ