တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း သိမ်းဆည်းခံလယ်မြေများအတွက်တရားစွဲဆိုရာတွင် ကျောက်ဖြူမှလယ်သမားများအမှုရှုံးနိမ့်၍ သိန်း ၈၀၀ကျော် လျော်ကြေးပေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 437

(လယ်မြေလည်းဆုံး၊ လျော်ကြေးလည်းမရ ရခိုင်လယ်သမားများဘ၀ မျှော်လင့်ချက် ပျောက်ဆုံးနေရဟုဆို)

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွင်း သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်ပြီး နစ်နာသည့်လယ်သမားများက POSCO International ကိုရီးယား ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ လယ်သမားများဘက်က အမှုရှုံးနိမ့်သဖြင့် ကိုရီးယားကုမ္ပဏီကို လျော်ကြေးငွေ မြန်မာကျပ် သိန်း ၈၀၀ ကျော်နှင့် ညီမျှသည့် ကိုရီးယားဝမ်သိန်း ၂၇ဝ ကျော် ပေးလိုက်ရကြောင်း သိရသည်။

 

လယ်သမားများဘက်က အမှုရှုံးနိမ့်ခဲ့သဖြင့် တရားရုံးကုန်ကျစရိတ်အဖြစ် POSCO International ကုမ္ပဏီဘက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်ဗဟိုခရိုင်တရားရုံးမှတဆင့် ကျောက်ဖြူမြို့နယ် တရားရုံးထံလိပ်မူကာ နစ်နာသည့်လယ်သမားများဘက်က  လျော်ကြေးငွေပေးဆောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က တောင်းလာခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

 

ယင်းနောက် မြန်မာငွေ ကျပ်သိန်း ၈ဝဝ ကျော်နှင့်ညီမျှသည့် ကိုရီးယားဝမ်သိန်း ၂၇ဝ ကျော်ကို လယ်ယာမြေ သိမ်းဆည်းခံလိုက်ရသည့်လယ်သမားများအတွက် အမှုလိုက်ပေးခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ Lgong Law Firm အကျိုးဆောင်ရှေ့နေအဖွဲ့က POSCO ကုမ္ပဏီထံ ဆိုးလ်ဗဟိုခရိုင်တရားရုံးမှတဆင့် မကြာသေးခင်က ပေးလျော်ခဲ့ခြင်းဖြစ်သည်ဟု တရားလို လယ်သမားတစ်ဦးဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ ဦးခင်မောင်မြင့်က နိရဥ္စရာသို့ပြောသည်။

"ကျနော်တို့ဘက်ကတော့ မပေးလိုက်ရဘူး။ ကိုးရီးယားရှေ့နေအဖွဲ့ကနေပြီးတော့လျော်ကြေး ပေးလိုက်ပါတယ်။ အခုကျနော်တို့မှာ ပိုက်ဆံလည်းပြန်မရလိုက်ဘူး။ လယ်မြေလည်း ပြန်မရလိုက်ဘူး" ဟုပြောသည်။




လက်ရှိတွင် အဆိုပါလျော်ကြေးငွေများကို ဆိုးလ်ဗဟိုခရိုင်တရားရုံးသို့ ပေးဆောင်ထားပြီ ဖြစ်သော်လည်း POSCO ကုမ္ပဏီက လက်ခံ၊ မခံကို မသိရှိရသေးကြောင်း လယ်သမားများနှင့် ကိုးရီးယားရှေ့နေအဖွဲ့အကြား ကူညီဆောင်ရွက်ပေးခဲ့သူ ဦးထွန်းလွင်က ပြောသည်။

"ဒီဟာကမြန်မာ့ရေနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE နဲ့သာ ဆိုင်တာဖြစ်လို့ ဒီအမှုကို တရားစွဲလို့မရဆိုပြီး နောက်ဆုံးမှာ ဆုံးဖြတ် လိုက်တယ်။ ဒါကြောင့် POSCO ဘက်ကနေ တရားရုံးကုန်ကျစရိတ်ကိုတောင်းတယ်။ လယ်သမားတွေကတော့ ပိုက်ဆံလျော်ရမယ်ဆိုတော့ စိုးရိမ်စိတ်ရှိကြတယ်ပေါ့နော်။ အခုတော့ ရှေ့နေအဖွဲ့ကနေ တရားရုံးကိုပေးလိုက်ပြီ။ တရားရုံးကနေ POSCO ကုမ္ပဏီက လက်ခံယူလိုက်ပြီလား၊ မယူရသေးဘူးလားတော့ မသိသေးဘူး" ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အသုံးချရန်အတွက် ကျောက်ဖြူ မြို့နယ်မှ အုန်းတော၊ ဂုံးချွိန်၊ မလကျွန်းကျေးရွာမှ တောင်သူလယ်သမား ၁၀၀ ကျော်ပိုင်ဆိုင်သည့် လယ်ဧက ၉၀ ကျော်ကို တစ်ဧကလျှင် မြန်မာငွေကျပ် သိန်း ၂၀ ကျော်ဝန်းကျင်ဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လေယာမြေသိမ်းခံရသည့်ကိစ္စနှင့်ပတ်သက်၍ နစ်နာကြေးရရှိသည့်အပေါ် တောင်သူလယ်သမား ၂၀ ဦးက Lgong Law Firm အကျိုးဆောင်ရှေ့နေအဖွဲ့၏ အကူအညီဖြင့် တရားလိုပြုလုပ်ကာ ၂၀၁၆ ခုနှစ်က ဆိုးလ်မြို့ရှိ ဗဟိုခရိုင်တရားရုံးတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။



အဆိုပါအမှုနှင့်ပတ်သက်ပြီး ဆိုးလ်ဗဟိုခရိုင်တရားရုံးက လယ်ယာမြေသိမ်းဆည်းမှုမှာ POSCO ကုမ္ပဏီနှင့် သက်ဆိုင်မှုမရှိဘဲ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့်သာ သက်ဆိုင်သည်ဟု ဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်အမိန့်ချမှတ်လိုက်သဖြင့် တရားစွဲဆိုခဲ့သည့် လယ်သမားများဘက်က အမှုရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံလယ်သမားများမှာ လယ်ယာမြေများဆုံးရှုံးခဲ့ရသည့်အပြင် အမှုရှုံးနိမ့်ခဲ့ရသည့် အတွက်လည်း ၎င်းတို့၏နစ်နာကြေးအတွက် ဆက်လက်အမှုဖွင့်ရင်ဆိုင်ရန် မျှော်လင့်ချက်များ ပျောက်ဆုံးနေကြသည်ဟု လယ်သမားများက ပြောသည်။ (NN-8)

 

ဓာတ်ပုံ - ကျောက်ဖြူ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!