အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

တိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီအရာရှိနှင့်တပ်သားများ အပမ်းဖြေရန် ငပလီသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 596

တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရာမှ ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီတပ်ထဲမှ အရာရှိစစ်ဗိုလ်များနှင့် တပ်သားများသည် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေတွင် အပန်းဖြေရန် ရောက်ရှိလာခဲ့သည်ဟု သတင်းရရှိသည်။

ဇူလိုင်လ ၂၄ ရက်က ငပလီကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက သံတွဲလေဆိပ်တွင် ကြိုဆိုခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားသည်။

ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရာမှ ပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီတပ်ထဲမှ အရာရှိစစ်ဗိုလ်များနှင့် တပ်သားများကို နေပြည်တော်နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှတစ်ဆင့် စစ်ကောင်စီလေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ငပလီကိုသာမက ချောင်းသာသို့လည်း  ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



ယခုကဲ့သို့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြန်လည်ကောင်းမွန်လာသည့် စစ်ကောင်စီ အရာရှိများနှင့် တပ်သားများကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေသို့ အပန်းဖြေခရီး စေလွှတ်ခဲ့သေးသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များကို အပန်းဖြေခရီး မကြာခဏပို့ဆောင်ပေးခြင်းမှာ ၄င်းတို့၏ လက်အောက်ခံအရာရှိ၊တပ်သားမိသားစုများ စည်းရုံးရေးလုပ်သည့် သဘောဟု ရှုမြင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ်လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက နိရဉ္စရာသို့ပြောသည်။

"ဒီလိုအပန်းဖြေခရီးပို့ပေးတယ်ဆိုတာကတော့ သူတို့တပ်တွင်းမိသားစုတွေကို စည်းရုံးတာလည်း ပါမှာပေါ့။ တပ်တွင်းကရဲဘော်တွေကို ဂရုစိုက်တယ်။ သူတို့တွေဒဏ်ရာရလာတဲ့အခါ အေးအေးဆေးဆေး အနားယူနိုင်ဖို့ လုပ်ဆောင်ပေးတယ်ဆိုတဲ့ ပုံရိပ်တစ်ခုကို လုပ်ဆောင်တာလို့ မြင်တယ်" ဟု ဦးဖေသန်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှာစ၍ စစ်ကောင်စီတပ်သည်  နိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအပါဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်တိုက်ပွဲဝင်မှုကို ကြီးမားစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး တိုက်ပွဲများအတွင်း အကျအဆုံးနှင့် ဒဏ်ရာရသူများလည်း များပြားလျက်ရှိကြောင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

၎င်းပြင် စစ်ကောင်စီတပ်တွင် အရာရှိစစ်ဗိုလ်များ၊ တပ်သားများမှာ တပ်မှထွက်ပြေးမှုများလည်း များပြားနေကြောင်း သိရှိရသည်။ (NN-23)

 

ဓာတ်ပုံ - ရခိုင်နေ့စဥ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!