စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်ရှိ ရေလွှမ်းခဲ့သည့်ကျေးရွာများအားလုံး ရေကျသွားသော်လည်း ရွှံ့နွံများတင်ကျန်ခဲ့မှုကြောင့် နေထိုင်ရေးခက်ခဲနေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 659

ရေကြီးနေခဲ့သည့်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင်ရေပြန်ကျသွားပြီဖြစ်သော်လည်း ရွှံ့နွံများတင်ကျန်ခဲ့မှုကြောင့် နေထိုင်ရေးခက်ခဲနေကြသည်ဟု သိရသည်။

ကျောက်တော််မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့၊ ညနေပိုင်းမှစတင်ကာ မိုးရွာသွန်းမှုနည်းပါးသွား၍ ကုလားတန်မြစ်ရေမှာလည်း လျော့ကျသွားကာ ယမန်နေ့သြဂုတ်လ ၉ ရက်ကတည်းက ရေတဖြည်းဖြည်း ကျဆင်းသွားခြင်းဖြစ်ခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာသားတစ်ဦးက "ရေကျသွားပြီ။ မနေ့ကနေ တဖြည်းဖြည်းကျနေတာ။ ဒီမနက်အရုဏ်မှာတော့ အကုန်ကျသွားပြီ။ မိုးကမရွာတော့ဘူးလေ။ မိုးရွာရင် မြစ်ရေတိုးပြီး ရေကြီးတာ။ မိုးနည်းသွားတော့ ရေလည်း ပြန်ကျသွားတာပေါ့" ဟု ပြောသည်။

ယနေ့သြဂုတ်လ ၁၀ ရက်တွင် ရေအကုန်လျော့ကျသွားပြီဖြစ်ပြီး မဟာမြတ်မုနိဘုရားအနီးရှိ ရေမြုပ်နေသည့်ကျေးရွာများမှာလည်း ရေကျသွား၍ ရွာထဲတွင်သွားလာ၍ရနေပြီဟု သူက ဆက်ပြောသည်။



ယင်းအပြင် ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းအနီးရှိကျေးရွာများနှင့် ယိုးချောင်းအတွင်းရှိ ကျေးရွာများတွင်လည်း ရေပြန်ကျသွားပြီဟု သိရသည်။

ကားသမားဦးခင်မောင်က "ကျောက်တော်မြို့နယ်အစအဆုံး ကားလမ်းတစ်လျှောက်လှမ်းမြင်ရတဲ့ ရွာတိုင်းနီးပါး ရေကျသွားပါပြီ။ ကုလားတန်မြစ်ရေလည်း လျော့ကျသွားတယ်။ မြစ်ကြောင်းအနီးကရွာတွေလည်း ရေခမ်းသွားပါပြီ။ ရွာတွေအကုန်လုံးနီးပါး ရေခမ်းပါပြီ" ဟု ပြောသည်။

လက်ရှိတွင်ရေကျဆင်းသွားသော်လည်း ရေမြုပ်ခဲ့သည့်ကျေးရွာများမှ နေအိမ်များတွင် ရွှံ့နွံများတင်ကျန်ရစ်ခဲ့၍  နေရေးထိုင်ရေးအခက်အခဲဖြစ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။


ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက "ရေခမ်းသွားတော့ ရွှံ့နွံတွေတင်ကျန်ခဲ့တယ်။ အိမ်ထဲမှာကော့ ရေမြုပ်သွားတဲ့အခန်းတွေမှာရောပဲ။ အဲ့ဒါတွေကို ရေခပ်ပြီးဆေးချနေရတယ်" ဟု ပြောသည်။

ရခိုင်တွင် မုန်တိုင်းငယ်အရှိန်ကြောင့် ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ သြဂုတ်လ ၈ ရက်အထိ အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းခဲ့၍ ကျောက်တော်မြို့နယ်တွင် ကုလားတန်မြစ်ရေတိုးကာ မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးမှာ ရေကြီး၊ ရေမြုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ