သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရေ ၆ ပေခန့်အထိနစ်မြုပ်ခဲ့သည့် ကျောက်တော် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ရေပြန်ကျ၊ မြေနိမ့်ပိုင်းနေရာများတွင် ဆက်မြုပ်နေဆဲ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 499

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေ ၆ ပေခန့်အထိနစ်မြုပ်နေခဲ့ရာမှ ယနေ့သြဂုတ်လ ၉ ရက်၊ မနက်ပိုင်းမှစတင်ကာ ကျဆင်းသွားပြီဖြစ်ပြီး မြေနိမ့်ပိုင်းနေရာများတွင် ရေဆက်လက် မြုပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ညောင်းချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်ကျော်သောင်းက "ရေက ၃ ပေလောက်တော့ ကျဆင်းသွားတယ်။ နေရာတိုင်းတော့ ရေကျမသွားသေးဘူး။ မြေနိမ့်ပိုင်းနေရာတော်တော်များများက အဆောင်တွေက ရေဆက်မြုပ်နေသေးတယ်" ဟု ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ရေကျဆင်းသွားရခြင်းမှာ ယမန်နေ့ သြဂုတ်လ ၈ ရက်၊ ညနေပိုင်းမှ မိုးရွာသွန်းမှုနည်းပါးသွားခြင်းကြောင့် သရီချောင်းရေလည်း ကျဆင်းသွား၍ ရေကျဆင်းသွားခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် ဦးမောင်မြသိန်းက ပြောသည်။


"မနေ့ညကနေ မိုးမရွာဘူး။ ဒီမနက်ထိ မရွာသေးဘူး။ မိုးမရွာတော့ သရီချောင်းရေလည်းကျပြီး ရေကျဆင်းသွားတာပါ။ မိုးရွာလာရင်တော့ ရေပြန်တက်မလားတော့မပြောတတ်ဘူး။ ဒီမနက်တော့ နေရောင်တွေထွက်နေတယ်" ဟု ပြောသည်။

ယင်းအပြင် ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ရေကျဆင်းသွားသော်လည်း ရွှံ့မြေများတင်ကျန်ရစ်ခဲ့၍ သွားလာ နေထိုင်ရေးအခက်အခဲများလည်း ဖြစ်လျက်ရှိသည်။

ညောင်ချောင်းစစ်ရှောင်စခန်းမှ ဒေါ်ခိုင်ခိုင်စိုးက "ရေကကျသွားပေမဲ့ ရွှံ့တွေတင်ကျန်ခဲ့တယ်။ သွားလာရတာအဆင်မပြေဘူး။ နေရေးထိုင်ရေးက အဆင်မပြေဘူး။ ရေနစ်သွားတဲ့ အခန်းတွေမှာလည်း ရွှံ့တွေတင်ကျန်နေတော့ ရေနဲ့ပြန်ဆေးချနေရတယ်" ဟု  ပြောသည်။

မြေနိမ့်၍ ရေဆက်မြုပ်နေသည့်နေရာများမှာ ညောင်ရှောင်းစစ်ရှောင်စခန်းရှိအရှေ့ဘက်ထွက်လမ်း၊ မြေနိမ့်ပိုင်းစခန်းအလယ်၌လည်း ရေဆက်မြုပ်နေဆဲဖြစ်သည်။

အဆိုပါညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ မုန်တိုင်းငယ်အရှိန်ကြောင့် ပြီးခဲ့သည့်သြဂုတ် ၁ ရက်မှ ယမန်နေ့သြဂုတ် ၈ ရက်အထိ အဆက်မပြတ်မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ သရီချောင်းရေ၊ ဇီးချောင်းဆည်မှ ရေများနှင့် လယ်ကွင်းပြင်မှရေများဝင်ရောက်နေပြီး ယင်းစစ်ဘေးရှောင်စခန်းတွင် ရေ ၆ ပေခန့်အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်ရှိပြီး မြေနိမ့်ပိုင်းရှိ လူနေအိမ် ၁၇၀ ကျော်မှာ ရေဆက်မြုပ်နေဆဲဖြစ်သည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ