စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် ရေလွှမ်းခဲ့သည့်လယ်ဧက ၅ သောင်းကျော်ရှိပြီး ပျက်စီးဧက သောင်းနှင့်ချီရှိနိုင်ဟုဆို


  • ရေးသူ: Web Master (NN 18)
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 671

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေလွှမ်းမိုးမှုကြုံခဲ့ရသည့်လယ်ဧက ၅ သောင်းကျော်ရှိခဲ့ပြီး ပျက်စီးခဲ့သည့် လယ်ဧကများသည်လည်းသောင်းနှင့်ချီရှိနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကခန့်မှန်းပြောဆိုသည်။


ရေလွှမ်းမိုးမှုကြုံခဲ့ရသည့်မြို့နယ်များအနက် မင်းပြားတွင် ဧက ၂၄၀၀၀ ကျော်၊ ကျောက်တော်တွင် ဧက ၁၅၀၀၀ ကျော်နှင့် မြောက်ဥိီးတွင် ဧက ၁၃၀၀၀ ဝန်းကျင်၊ စုစုပေါင်း ဧက ၅၂ဝဝဝ ကျော်အထိ ရေလွှမ်းခံခဲ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

"
ရေမြုပ်တဲ့အတွက် ထပ်ပြီးတွေ့ရတာက ရေမြုပ်တာ အားလုံးပျက်စီးတယ်လို့ ပြောလို့မရပါဘူး။ နေရာဒေသအလိုက်မတူဘူး။ တချို့က ရေမြုပ်တဲ့အတွက် နွံ့တွေနဲ့ ဖုံးလွှမ်းသွားပြီးတော့ စိုက်ထားတဲ့စပါးအားလုံးက တစ်ပေကျော်လောက် ရှည်နေရင် တပေနီးပါးထိ နွံ့နစ်သွားတဲ့အခါ ပျက်စီးသွားတာရှိတယ်။ တချို့နေရာတွေမှာ နွံ့နည်းတယ်။ နွံ့နည်းတဲ့အတွက် ပိုပြီးတော့ အားကောင်းသွားတဲ့နေရာတွေ ရှိတယ်ပေါ့။ တချို့နေရာတွေမှာ စပါးက ပြိုဆင်းသွားတယ်။ ဆိုတော့ ပုံစံ ၃ မျိုးလောက်ကို တွေ့နေရတယ်" ဟု ဆိုသည်။

လက်ရှိတွင် အချို့နေရာများ၌ ရေမကျသေးသည့်အတွက် ပျက်စီးဧက စာရင်း အတိအကျကို မသိနိုင်သေးကြောင်း ဆက်ပြောသည်။

ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များတွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစတင်ကာ သြဂုတ်လ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများ လျှံတက်ခဲ့သည့်အတွက် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါမြို့နယ်များအနက် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသည့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် စိုက်ပျိုးပြီးစ စပါးခင်းများ ယခုကဲ့သို့ ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်ဟုလည်း နစ်နာဆုံးရှုံးခဲ့သည့် လယ်ပိုင်ရှင်များက ပြောသည်။

မင်းပြား မြင်းတင်မကျေးရွာမှ လယ်သမားအမျိုးသမီးတစ်ဦးက "ပေါ်လာတဲ့ လယ်တွေက ပျက်စီးသွားတယ်။ ကျမ လယ်ကတော့ ရေရှိနေသေးတယ်။ ရေမကျသေးတော့ ဘယ်လောက်ထိ ပျက်စီးသွားတယ်ဆိုတာ မသိသေးဘူး"ဟု ဆိုသည်။

ယခုကဲ့သို့ နွံနစ်သွားသည့်အတွက် ထွန်ယက်ထားသည့် လယ်ဧကများအပါအဝင် စိုက်ပျိုးထားသည့် စပါးများလည်း ပျက်စီးသွား၍ လယ်သမားများအနေဖြင့် များစွာနစ်နာနေကြောင်း လယ်သမားများက ပြောသည်။

ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးက "စပါးက ပြန်စိုက်ရမယ့်အနေအထားတွေရှိနေတယ်။ ဆိုတော့ အချိန်ကလည်း မရှိတော့ဘူး။ လုံးဝ အခက်အခဲ ကြုံသွားတယ်။ မျိုးစပါးပြန်ဝယ်ဖို့ကလည်း ငွေက အဆင်မပြေဘူး။ ငွေအဆင်ပြေရင်လည်း မျိုးစပါးက ရဖို့ခက်ခဲသွားပြီ"ဟု ဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ပင်လယ်ကမ်းရိုးတန်းအနီးရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံနှင့် ကျောက်ဖြူစသည့် မြို့နယ်များရှိ လယ်ဧကအများအပြား ဆားငန်ရေဝင်ရောက် ပျက်စီးသွားခဲ့သည်။

ယင်းအပြင် သိုလှောင်ထားသည့် မျိုးစပါးများ ပျက်စီးပြီး ထွန်ယက်မည့် ကျွဲ၊ နွားများလည်း သေကြေပျောက်ဆုံးသွားခဲ့သည့်အတွက် အဆိုပါမြို့နယ်များမှ လယ်သမားများတွင် ယခုနှစ် စပါးစိုက်ရာသီတွင် အလွန်တရာ အခက်အခဲများနှင့် ကြုံခဲ့ရသည်။

ရခိုင်တစ်ပြည်လုံးတွင် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း စပါးစိုက်ဧက စုစုပေါင်း ၁၀ သိန်းခန်ရှိခဲ့ရာမှ လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် စပါးစိုက်ဧက ၇ သိန်းခန့်သာ စိုက်ပျိုးနိုင်တော့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ဆက်စပ် သတင်းများ