အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်းကွယ်လွန်ခြင်း ၃၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား စစ်တွေတွင်ကျင်းပ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 579

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်းကွယ်လွန်ခြင်း (၃၃)နှစ်မြောက်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)က ယနေ့ သြဂုတ်လ ၁၄ ရက်၊ မနက် ၈ နာရီက စစ်တွေမြို့တွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ကျင်ပခဲ့ခြင်းဖြစ်ပြီး လူဦးရေ (၅၀)ခန့် တက်ရောက်ခဲ့ကြသည်။

ဆရာကြီးဦးဦးသာထွန်းသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ နာယကတစ်ဦးဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံး အလေးမြတ်ထားရသည့် ရခိုင်-မြန်မာတို့၏ ပဏ္ဍိတ်တစ်ဦးလည်းဖြစ်၍ ဆရာကြီးကွယ်လွန်သည့်နေ့တွင် အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်တမျိုးသားလုံး၏ကိုယ်စား ကျင်းပခြင်းဖြစ်သည်ဟု ALD ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောသည်။




"ဆရာကြီးက ၁၉၉၀ ခုနှစ် အကျဉ်းထောင်တစ်နေရာမှာ အကျဉ်းချုပ်ခံထားရပြီး သြဂုတ် ၁၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရတယ်။ ဆရာကြီးကွယ်လွန်တဲ့နေ့ကို အထိမ်းအမှတ်အနေနဲ့ ရခိုင်တမျိုးသားလုံးကိုယ်စား အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

ဆရာကြီးဦးဦးသာထွန်းသည် ရခိုင်နှင ့်ရခိုင်ပြည်အနာဂတ်အတွက် ဦးဆောင်မှုများပြုလုပ်ခဲ့ပြီး တိမ်မြုပ်ပျောက်ကွယ်နေသည့် ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်း၊ စာပေ၊ ရိုးရာဓလေ့များကို သူ၏ ဘဝတစ်လျှောက်လုံး သုတေသနပြုလုပ်ကာ ရခိုင်မျိုးဆက်သစ်များသာမက ကမ္ဘာကပါသိအောင် စာအုပ်စာပေများ ရေးသားပြုစုတင်ပြခဲ့သူဖြစ်သည်။

ဦးမြတ်ထွန်းက "ဆရာကြီးက ရခိုင်တစ်မျိုးသားလုံးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ရခိုင်ပြည်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆုံးမသြဝါဒပေးခဲ့တဲ့ ပဏ္ဍိတ်တစ်ဦးလည်းဖြစ်တယ်။ ရခိုင်ပြည်အတွက် လွှတ်တော်အခင်းအကျင်းမှာ အမတ်တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့အချိန်ကိုမရောက်ခဲ့ဘူး။ ကျဆုံးသွားခဲ့ရတယ်။ သူကျဆုံးသွားတော့ ရခိုင်ပြည်အတွက် နစ်နာဆုံးရှုံးမှုကြီးဖြစ်တယ်" ဟု ဆက်ပြောသည်။

ဆရာကြီးဦးဦးသာထွန်းနှင့်ပတ်သက်ပြီး ယခုခေတ်လူငယ်များက လေ့လာသိရှိမှုအားနည်းနေကြသည့် အတွက် ယခုကဲ့သို့ အောက်မေ့ဖွယ်အခမ်းအနားသို့ လူငယ်များ လာရောက်ကြစေလိုသည်ဟုလည်း အခမ်းအနားသို့တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။



"ဆရာကြီးဦးဦးသာထွန်းဆိုတာ ကျွန်မတို့ရခိုင်ပြည်အတွက် ဆရာကြီးတစ်ဆူဖြစ်တယ်။ ဒီဘက်ခေတ်မှာမွေးလာတဲ့ကလေးတွေက ရခိုင်မှာဒီလိုအဖြစ်အပျက်တွေရှိခဲ့တယ်ဆိုတာကို မသိကြဘူး။ သမိုင်းကြောင်းတစ်ခုမှာ ဒါမျိုးတွေရှိခဲ့တယ်ဆိုတာတော့ လူငယ်တွေကျယ်ကျယ်ပြန့်ပြန့်သိထားသင့်တယ်လို့မြင်တယ်" ဟု ပြောသည်။

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရွာတွင် ဦးကောင်းစံရွှီ၊ ဒေါ်အောင်ကြွဇံတို့က ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။

တဦးတည်းသောသားဖြစ်ပြီး ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ကာ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဌာနခွဲတွင် ရခိုင် - မြန်မာ ပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယခုလက်ရှိ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီးဦးဦးသာထွန်း စုဆောင်းထားခဲ့သည့် ရှေးဟောင်းပစ္စည်းများဖြင့် တည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။

၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်း၊ စာပေ၊ ရိုးရာဓလေ့များကို သုတေသနပြုလုပ်ကာ ကျမ်းကြီး၊ ကျမ်းငယ် ရေးသားပြုစုခဲ့သလို ဒီမိုကရေစီရရှိရေး၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး အတွက်လည်း ရှေ့တန်းမှ စွမ်းစွမ်းတမံ ဦးဆောင်ဦးရွက်ဆောင်ရွက်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယကကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်သည်။

ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ် တရားဟောထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ်တရားဟောပွဲတွင် အမျိုးသားရေး တရားတရားများ ဟောပြောသည်ဟု ဆိုကာ န၀တစစ်အစိုးရက  ဖမ်းဆီးခဲ့သည်။

ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ကာ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးပြီး စစ်တွေထောင်တွင် အကျဉ်းချထားခဲ့ခြင်းဖြစ်သည်။

ထောင်ကျပြီး ၅ လအကြာ ၁၉၉ဝ ပြည့်နှစ်၊ သြဂုတ် ၁၄ ရက်တွင် ဆရာကြီးဦးဦးသာထွန်းသည် ထောင်ထဲတွင် ကွယ်လွန်ခဲ့သည်။

ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစရှိသော အဆိပ်ပါသည့် အစားအစာများအား ထည့်ကျွေးကာ လုပ်ကြံခဲ့သည်ဟု ရခိုင်အမျိုးသားများက ယုံကြည်ကြသည်။

သို့သော်လည်း နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးဦးဦးသာထွန်း သေဆုံးရခြင်းမှာ ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါဖြင့် အကျဉ်းထောင် ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်သည်ဟု The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံဖန်တီးရေးသားခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!