တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရေကြီး၊ ရေလျှံဖြစ်ပြီးနောက် မင်းပြားမြို့တွင် မြွေများမကြာခဏ ဖမ်းဆီးမိ၍ မြွေအန္တရာယ်သတိထားရန်လိုအပ်


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 741

ရခိုင်ပြည်တွင် လွန်ခဲ့သည့် သြဂတ်(စ်)လ အစပိုင်းက မိုးအဆက် ရွာသွန်းပြီး မြစ်ရေကြီးမှုများ ဖြစ်ပွားပြီး နောက် မင်းပြားအပါ၀င် မြို့နယ်တချို့က လူနေအိမ်များနှင့် စျေးဆိုင်များကို ၀င်ရောက်လာသည့် မြွေများကို မီးသတ်တပ်ဖွဲ့က မကြာခဏ ဖမ်းဆီးနေရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် မင်းပြားမြို့ စျေးဟောင်းပိုင်းရပ်ကွက်ရှိ ဦးချစ်မောင် ကုန်စုံဆိုင်တွင် ၀င်ရောက်နေသည့်မြွေဟောက်တစ်ကောင်ကို မြို့နယ် မီးသတ်အဖွဲ့မှ ဖမ်းဆီးပြီး မင်းပြားကျိန်း တောင်တွင် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“ မြွေဟောက်ပါ ၃တောင်ခန့်ရှည်တယ်။ လူတွေကိုတော့ အန္တရာယ်မပြုခဲ့ဘူး။ မီးသတ်က ဖမ်းသွားတယ်။” ဟု မင်းပြား မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ မြွေမှာ အရှည် ၃ ပေနှင့် လုံးပတ် ၅ လက်မခန့်ရှိပြီး မြို့နယ် လက်ထောက် မီးသတ်ဦးစီးမှူး ဦးဆန်းမြင့် အဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်မီးသတ်မှ သတင်းထုတ်ပြန်ထားသည်။

အလားတူ သြဂတ်(စ်)လ ၃၁ ရက်နေ့ကလည်း မင်းပြားမြို့ စျေးဟောင်းပိုင်းရပ်ကွက်ရှိ ဦးဂျာပု နေအိမ်မှ အ ရှည် ၇ ပေနှင့် လုံးပတ် ၁ ပေခန့်ရှိသည့် စပါးကြီး မြွေတစ်ကောင်ကို မြို့နယ် မီးသတ်အဖွဲ့မှ ဖမ်းမိကြောင်း ရခိုင်ပြည်နယ် မီးသတ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

“ အရင်နှစ်တွေကတော့ မင်းပြားမှာ မြွေတွေကို မကြာမကြာတွေ့ရတာ မရှိဘူး။ ဘာကြောင်း ဒီနှစ်မှ ခဏခဏ မြွေတွေ လူနေအိမ်တွေကို ၀င်ရောက်တယ်ဆိုတာတော့ မသိဘူး” ဟု အဆိုပါ မင်းပြား မြို့ခံက ပြောသည်။

မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်ရှိ ဦးကျော်လှနေအိမ်မှလည်း သြဂတ်(စ်)လ ၂၅ ရက်နေ့ အလျား ၈ ပေနှင့် လုံး ပတ် ၁ ပေခန့်ရှိသည့် စပါးကြီး မြွေတစ်ကောင်ကို မီးသတ်အဖွဲ့က ဖမ်းမိပြီး ဘေးလွတ်ရာ ကျိန်းတောင်တွင် လွှတ်ပေးခဲ့ကြောင်းလည်း ပြည်နယ် မီးသတ် တပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်ရှိ ဦးကျော်နိုင်အိမ်မှ အ ရှည် ၈ ပေနှင့် လုံးပတ် ၁၀ လက်မခန့်ရှိ စပါးကြီးမြွေတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။

ပေါက်တောမြို့နယ် ဘဝန်းချောင်းဝအုပ်စု ရပ်ကွက်ရှိ  ဦးမောင်လှဝင်း နေအိမ်တွင် ၀င်ရောက်နေသည့် အလျား ၂ ပေ လုံးပတ် ၃ လက်မရှိသည့် စပါးကြီး မြွေတစ်ကောင်ကို မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဖမ်းဆီးပြီး နတ်တောင် ပြင်တောတွင် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
(N-14)
ပုံစာ- စက်တင်ဘာလ ၂၆ ရက်နေ့က မင်းပြားတွင် ဖမ်းဆီးရမိသည့် မြွေဟောက်
Photo- ပြည်နယ်မီးသတ်အဖွဲ့

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!