တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဆိုလာလျှပ်စစ်မီးပျက်ပြီးနောက် မာန်အောင်မြို့တွင် တစ်နေ့သုံးနာရီပင် လျှပ်စစ်မီးမရရှိတော့ဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 780

 NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့သည့် ဆိုလာလျှပ်စစ်မီးပျက်ပြီးနောက် မာန်အောင်မြို့တွင် တစ်နေ့သုံးနာရီပင် လျှပ်စစ်မီးမရရှိတော့ဟုဆို

(မီးပေးချိန် ၃ နာရီတွင်လည်း အကြိမ်ကြိမ် မီးပြတ်၍ သုံးစွဲရအခက်တွေ့နေ)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင်လှစ်ပေးခဲ့သည့် ဆိုလာလျှပ်စစ်မီးမှာ ပျက်သွားပြီဖြစ်သဖြင့် လက်ရှိ ဒီဇယ်စက်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးနေရရာ တစ်နေ့ လျှပ်စစ်မီး ၃ နာရီ ပြည့်အောင်ပင် မီးမရရှိတော့ဟု သိရသည်။

 

မာန်အောင်မြို့နယ်တွင် ဆိုလာဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခမ်းအနားဖြင့် လာရောက် ဖွင့်လှစ်ပေးခဲ့ပြီး နောက်တစ်နေ့မှစတင်ပြီး မာန်အောင်မြို့ပေါ် ရပ်ကွက်များအပါအဝင် ခအုံးမော်ကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့အား ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။




ထို့နောက် (၇) လခန့်အကြာ  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ယင်းဆိုလာလျှပ်စစ်မီးမှာ ပစ္စည်းအချို့ ချွတ်ယွင်း ပျက်စီးသွားသည့်အတွက် ကိုးရီးယားနိုင်ငံမှ ဆိုလာလျှပ်စစ်မီးဆိုင်ရာ ပြုပြင်သည့် ပညာရှင်များက မာန်အောင်သို့ လာရောက်ပြုပြင်ခဲ့ရသည်။

ယင်းနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးကို ပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်တွင် ဆိုလာ ကြားခံပစ္စည်း ထပ်မံ ပျက်စီးသွားခဲ့ရာ ကိုးရီးယားနိုင်ငံမှ ဆိုလာလျှပ်စစ်မီးဆိုင်ရာ ပြုပြင်သည့် ပညာရှင်များက မာန်အောင်သို့ လာရောက်ပြုပြင်နိုင်ခြင်းမရှိကြတော့ဘဲ ဒီဇယ်သုံး မီးစက်ဖြင့်သာ မီးပေးနေရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

 ယင်းသို့ မီးပေးချိန်များတွင်လည်း အကြိမ်ကြိမ်မီးပြတ်တောက်နေသည့်အတွက် သုံးစွဲရ အခက်တွေ့ရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"ခဏခဏ ပြတ်တယ်။ ဒီနေ့မနက်ကဆိုရင် ၅ ခါလောက်ပြတ်ပါတယ်"ဟု ပြောသည်။

 

မာန်အောင်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုစလုံးကို တစ်နေ့လျှင် နံနက် ၅ နာရီမှ ၆ နာရီအထိတစ်ကြိမ်နှင့် ည ၈ နာရီခွဲမှ ည ၁ဝ နာရီကျော်အထိတစ်ကြိမ် ဒီဇယ်ဆီသုံး မီးစက်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မာန်အောင်မြို့တွင် ယခင်က မီးစက်နှင့်တွဲပြီး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးသည့်အချိန်က လျှပ်စစ်မီးရရှိမှု အဆင်ပြေခဲ့သော်လည်း လက်ရှိတွင် ဆိုလာစနစ်မပါဘဲ မီးစက်တစ်ခုတည်းဖြင့်သာ ပေးဝေနေသောကြောင့် ဒေသခံများအတွက် အခက်ခဲဖြစ်နေသည်ဟု မာန်အောင်မြို့ခံ ကိုရာဇာက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ဒီရပ်ကွက်ရနေရင် နောက်ရပ်ကွက်က မရဘူးပေါ့နော်။ ဒီလိုမီးရချိန်နည်းတော့ ထမင်းအိုးတွေ ပျက်တာမျိုးမကြာမကြာ ဖြစ်တယ်။ ထမင်းမကျက်တော့ အိုးကိုင်ပြီး တခြားရပ်ကွက်ကို သွားချက်ရတာမျိုးဆိုတော့ အခက်ခဲရှိတာပေါ့ဟုပြောသည်။




ယခုလိုမီးရရှိမှုအချိန် အလွန်နည်းပါးသောကြောင့် ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင်လည်း အရှုံးပေါ်မှုများရှိနေ၍ ဒေသဖွံ့ဖြိုးရေးတွင်လည်း တိုးတက်မှုမရှိဟု မာန်အောင်ဒေသခံ ကိုအောင်မြင့်သူက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေလည်း မီးမရတော့ အရှုံးပေါ်ကြတယ်ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိရာ ကျွန်းပေါ် တည်ရှိသည့် မြို့နယ် ဖြစ်သည့် မာန်အောင်မြိုအပ ကျန် ၁၆ မြို့ရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအနည်းငယ်တွင် မဟာဓာတ်အားလိုင်းမှ ဖြန့်ဖြူးနေသည့် လျှပ်စစ်မီး ရရှိနေသည်။

ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ထွက် များစွာထွက်သော ဒေသတစ်ခုဖြစ်သော်လည်း မာန်အောင်မြို့နယ်တွင် အစိုးရက ဂတ်စ်ဖြင့် လျှပ်စစ်မီးပေးဝေရန် မဆောင်ရွက်ဘဲ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေးဝေရန် စီစဉ်ခဲ့မှုအပေါ်  စစ်မှန်သော စေတနာဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဝါဒဖြန့်ရန်သက်သက်ဖြင့် ဆောင်ရွက်မှုအဖြစ် ရခိုင်ပြည်သူများ အကြား ဝေဖန်မှုများလည်း ရှိခဲ့သည်။ (NN-11)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!