ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်တွေထောင်တွင်းတွင် အမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 717

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည့် အမျိုးသမီးအများအပြားသည် လူ့အခွင့်ရေးချိုး ဖောက်ခံနေရကြောင်း အမျိုးသမီးအဖွဲ့စည်းတချို့ထံမှ သိရသည်။


စစ်တွေအကျဥ်းထောင်တွင်းရှိ အကျဥ်းချခံထားရသည့် အမျိုးသမီးများကို ထောင်တွင်း တာဝန်ရှိသူတစ်ချို့က သာမာန်ထက်ပိုသောခိုင်းစေမှုများ၊ ဆဲဆိုမှုများ၊ ဖိနှိပ်မှုများ ပြုလုပ်နေကြသည်ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။


“အကျဥ်းထောင်ထဲက အမျိုးသမီးတွေ တအားခိုင်းစေခံနေရတယ်လို့ ကြားတယ်။ လူ့အခွင့်ရေးတွေ အများကြီးချိုးဖောက်ခံနေရတယ်။ ကောင်းကောင်းနေကြပေမယ့် ထောင်တွင်းတာဝန်ရှိသူတွေဆီကလည်း ဆဲဆိုကြိမ်းမောင်းပြီး ခိုင်းစေတာတွေ နေ့တိုင်းခံရတယ်လို့ကြားတယ်”ဟုပြောသည်။


ထောင်တွင်းထဲတွင် ထောင်တာဝန်ရှိသူ အမျိုးသမီးနှစ်ဦးက အကျဉ်းချခံရသည့် အမျိုးသမီးများနှင့် ထောင်ချမှတ်ခံရသည့်အမျိုးသမီးများကို တန်းတူခိုင်းစေခြင်းများ၊ ဖျားနာ နေမကောင်းဖြစ်သူများအားလည်း ခိုင်းစေခြင်းများရှိကြောင်း သိရသည်။


ယင်းအပြင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများကို ထောင်တွင်းမှတာဝန်ရှိသူများထံ တောင်း‌သော်လည်း မပေးဘဲ ဆဲဆိုခြင်းများပါ ခံရသည်ဟု အမျိုးသမီးက နိရဉ္စရာကို ပြောသည်။


"လစဉ်သုံးတောင်းတော့ နင်တို့ရခိုင်တွေ ဒီလိုလစဉ်သုံးကို အရင်ကတည်းက သုံးဖူးလား။ မခံသာတဲ့စကားလုံးတွေ၊ လူမျိုးခွဲခြားတဲ့စကားတွေနဲ့ အမြဲတမ်းဆဲဆိုတယ်။ ပြီးရင် လစဉ်သုံးတွေကိုမပေးဘူး" ဟုပြောသည်။


အမျိုးသမီးလစဉ်သုံးမရရှိသည့်အတွက်ကြောင့် အမျိုးသမီးရောဂါများကိုလည်း ထောင်တွင်းက အမျိုးသမီးများခံစားနေရကြောင်း သိရသည်။


စစ်ကောင်စီက ယခုကဲ့သို့ အမျိုးသမီးများအပေါ် မတရားဖိနှပ်ဆက်ဆံခြင်း၊ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခံရခြင်းသည် လူ့အခွင့်ရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့စည်းတစ်ခုမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။


“ခုတောင် ညီမတို့ မီဒီယာတွေကို လွတ်လွပ်လပ်လပ်ချပြခွင့်မရဘူး။ သူတို့က အမြဲတမ်း စောင့်ကြည့်နေတယ်လေ။ အမျိုးသမီးတွေ ခုလိုခံစားနေကြရတာကြားရတာ စိတ်မကောင်းဘူး။ အပြစ်ရှိရင် အပြစ်ပေး။ ဒါပေမဲ့ စည်းမျဥ်းစည်းကမ်းအတိုင်း ပဲလုပ်ပေ့ါနော်” ဟုပြောသည်။


ထောင်တွင်း၌ နံနက် ၄ နာရီ ၂၀ မိနစ်မှ ၇ နာရီထိ တန်းစီထိုင်ရခြင်း၊ ၇ နာရီ ၂၀ အချိန် ရေနွေးယူရာတွင် နေ့စဥ်တစ်နာရီခန့် ဆောင့်ကြောင့်ထိုင်နေရခြင်း၊ ညနေ ၅ နာရီမှ ၇ နာရီခွဲအထိ တန်းထိုင်ရခြင်းများအပြင် နေ့စဥ်နှင့်အမျှ နားမခံသာအောင်ဆဲဆိုခံနေရသည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။


ယင်းအပြင် ၎င်းတို့၏လုပ်ရပ်များကို မည်သူ့ထံမှ တိုင်ကြားခြင်းမပြုရ၊ ပြုလုပ်ပါက ရိုက်နှက်ဆဲဆိုမည်ဟု ခြိမ်းခြောက်မှုများရှိခြင်းကြောင့် လူ့အခွင့်ရေးများကို ထောင်တွင်းအမျိုးသမီးများ အဆမတန်ခံစားနေရကြောင်း သိရသည်။


ရခိုင်တွင် စစ်ကောင်စီသည် လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားသည့်အမျိုးသမီးများ၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားပြီး ဖမ်းဆီးတရားစွဲဆိုမှုများပြားလာသည့်အတွက် အမျိုးသမီးအရေးတက်ကြွလှုပ်ရှား သူများ၏လုံခြုံရေးသည် ပိုမိုစိုးရိမ်စရာဖြစ်လာကြောင်း အမျိုးသမီး အဖွဲ့စည်းတစ်ချို့က ထောက်ပြပြောဆိုကြသည်။


မြန်မာနိုင်ငံတွင်  စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲနီးပါးကာလအတွင်း စစ်ကောင်စီက အမျိုးသမီး အယောက် ၃,၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး သေဆုံးသူ ၆၀၀ ကျော်လာပြီဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ဆက်စပ် သတင်းများ