တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက စနဲမြို့ဈေးတန်းထဲ ဒရုန်းဖြင့် ဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေ၊ ၇ ဦးဒဏ်ရာပြင်းထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ကံ့ကော်နီနီ၊ နိရဥ္စရာ၊ မေ ၈ / ၂၀၂၄

ရခိုင်ပြည်၊ကျောက်ဖြူခရိုင်၊ စနဲမြို့ဈေးတန်းထဲကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲချ၍ အမျိုးသမီး တစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာပြင်းထန်ရရှိသွားကြောင်းသတင်းရရှိသည်။

ယနေ့ မေလ ၈ ရက်၊မနက် ရှစ်နာရီအချိန်က စနဲမြို့ကို စစ်ကောင်စီဒရုန်းက ဗုံး ၇ လုံးထိကြဲချခဲ့ရာ တစ်လုံးမှာ ဈေးအပြင်တန်းဟင်းသီးဟင်းရွက်တန်းကို ကျကွဲပြီး ဈေးရောင်းဝယ်နေကြသည့် ဒေသခံများသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စနဲမြို့ခံတစ်ဦးက" အခုမနက် ရှစ်နာရီလောက်မှာဒရုန်းနဲ့ ဗုံးလာကြဲတာ။ စနဲမြို့ကိုကြဲတာ။ အားလုံးခုနစ်လုံးရှိပြီ။ ဈေးအပြင်တန်းတစ်လုံးကျပြီးတော့ တစ်ယောက်သေတယ်။ ခုနှစ်ယောက် ဒဏ်ရာရတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သေဆုံးသွားသူမှာ စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်မှ ရိုးမသန္တာခရီးသည်ယာဥ်ပိုင်ရှင်၏သမီး မျိုးသန္တာဝင်း အသက် (၂၉)နှစ်ဝန်းဖြစ်​ကြောင်းသိရသည်။

တခြားဒဏ်ရာအပြင်းအထန်ရရှိသူများမှာ ဦးမျိုးသက်ပိုင်(၃၀)ကျော်၊ ဒေါ်ခင်လေးမူ(၅၀)နှစ်ကျော်နှင့် တခြား ​မြို့ခံပြည်သူ ၅ ဦးတို့ဖြစ်ကြောင်းသိရသည်။

" ဘာတိုက်ပွဲမှမရှိဘဲ အခုလိုလာပစ်သွားတာ။ အခုဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ အရေးပေါ် ပို့ထားပါတယ်" ဟု စနဲမြို့ခံလူမှုရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ထောက်လှမ်းရေး ဒရုန်းတစ်စီး အရင်လွှတ်ပြီးနောက် တိုက်ခိုက်ရေးဒရုန်းလွှတ်ကာ ဗုံးများကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမြို့ခံများကပြောသည်။

နောက်ဆုံးရရှိသော သတင်းအရ စနဲဆက်သွယ်ရေး စာတိုက်လည်း မီးလောင်သွားကြောင်း သိရသည်။

(ဓာတ်ပုံ- စစ်ကောင်စီမှ ဗုံးကြဲ၍ ပျက်စီးသွားသော ရခိုင်မှ အိမ်တချို့/ယခုသတင်းနှင့် သက်ဆိုင်မှု မရှိပါ။)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!