စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စပါးအငှားရိတ်နေသူတစ်ဦးအား စစ်ကောင်စီဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 973

ရခိုင်ပြည် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စပါးအငှားရိတ်နေသူ စစ်ဘေးရှောင်တစ်ဦးအား စပါးရိတ်နေစဥ် စစ်ကောင်စီကဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၃ နှစ်အရွယ် ဦးမောင်သန်းဝေဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်အချိန်တွင် မဟာမုနိလေယာဥ်ကွင်း အနီးတွင်ရှိသည့် စပါးခင်းတွင် စပါးရိတ်နေစဉ် စစ်ကောင်စီမှ ကြိုးတုတ်ပြီး ရိုက်ပုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူ၏ဇနီးဖြစ်သူက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

" စပါးရိတ်နေတာက ၃ ယောက်ရိတ်တဲ့ထဲက ကျွန်မယောကျ်ားကို ကြိုးတုတ်တယ်။ ရိုက်လည်း ရိုက်ပြီးတော့ မဟာမုနိဘုရားပေါ် ကိုခေါ်သွားတယ်။ အဲ့ဒီအချိန် ကျန်တဲ့ နှစ်ယောက်ကိုလည်း ဓါးထောက်ထားတယ်။ ဘာတစ်ခွန်းမှပြောခွင့် မရှိဘူးလို့ လယ်ပိုင်ရှင်က ပြောပြလာတယ် " ဟုပြောသည်။

စပါးရိတ်သူ ၃ ယောက်အထဲတွက် ကျန် ၂ ဦးမှာ စစ်သားများနှင့် သိကျွမ်းနေပြီး မကြာခဏ ဆေးလိပ်ကွမ်းယာများ တောင်းယူ စားသောက်နေ၍ ရင်းနှီးနေပြီဖြစ်ကာ ဦးမောင်သန်းဝေမှာ  လူစိမ်းဖြစ်သဖြင့် အေအေဟုထင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုဆိုသည်။

“ ကျွန်မတို့မှာ သားသမီး လေးယောက်ရှိပါတယ်။ ကျွန်မယောကျ်ားက ကျပန်းလုပ်ပြီး ကျွေးနေတာပါ။ အခုတော့ အရမ်းအခက်အခဲဖြစ်နေပါပြီ” ဟု မျက်ရည်ကျကာ ပြောဆိုသည်။

ဦးမောင်သန်းဝေသည်  အဖမ်းမခံရခင် ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်အချိန်ကတည်းကပင် တစ်ရက်ကြို၍ စပါးအငှားရိတ်ရန် အိမ်မှထွက်သွားခဲ့ပြီး နောက်တစ်နေ့တွင်အဖမ်းခံရခြင်းဖြစ်ကြောင်း အိမ်ရှင်မဖြစ်သူက ဆက်ပြောဆိုသည်။

" စပါးရိတ်ခ စပါး ၃၀ လောက်ရမယ်ဆိုပြီးတော့သွားတာ။ ဒီလိုအဖမ်းခံတယ်ကြားတော့ ကျွန်မမှာ လင်ဖြစ်သူကိုစိတ်ပူတာတစ်မျိုး။ ကလေးတွေနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး။ ကုန်ဈေးနှုန်းတက်တာတစ်မျိုး။ အစားအသောက်ရှားတာတစ်မျိုး။ အမျိုးမျိုး ပူပင်နေရတယ်။ ခုချိန်ထိ ဘာဆက်အသွယ်မှလည်း မရဘူး။ သေသွားလား။ ပျောက်သွားလားလည်း မသိရဘူး " ဟုပြောသည်။

အဖမ်းခံရသူ မိသားစုသည် ကျောက်တော်မြို့နယ် မာလာကျေးရွာမှဖြစ်ပြီး ယခင်က မဟာမုနိ စစ်ဘေးရှောင် စခန်းတွင် ခိုလိုနေခဲ့ပြီး၊ လက်ရှိတွင် ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ခိုလုံနေကာ စစ်ဘေးရှောင်အဖြစ် ခိုလုံနေထိုင်ခြင်းမှာလည်း ၄ နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ (NN-13)

ဆက်စပ် သတင်းများ