သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ရခိုင်လူမျိူးတစ်ဦး၏ နစ်နာကြေးအား မိဘများနှင့် အဆက်အသွယ်မရမချင်း မည်သူ့ကိုမှထုတ်ပေးမည်မဟုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 549

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၄

ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ  ရခိုင်လူမျိုးတစ်ဦး၏ နစ်နာကြေးအား မိဘများနှင့် အဆက်အသွယ်မရမချင်း မည်သူ့ကိုမှထုတ်ပေးမည်မဟုတ်ကြောင်း အဆိုပါကိစ္စအားလိုက်ပါ ဆောင်ရွက်ပေးနေသူ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် WAG အဖွဲ့မှ ကိုမုန်တိုင်းမှ နိရဉ္စရာ သို့ပြောသည်။

ထို့အပြင် သေဆုံးသူများကို နစ်နာကြေး ပေးရာတွင် သေဆုံးသူ ရခိုင်လူမျိုးနှင့် ဆွေမျိုးတော်စပ်သည်ဟုဆိုကာ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူမှု ရှိခဲ့သောကြောင့် ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်းကာ ပြန်လည်သိမ်းယူထားရကြောင်း ကိုမုန်တိုင်းမှ ပြောသည်။

“ ရခိုင်တိုင်းရင်းသားလေး တစ်ယောက်ဆုံးသွားတာမှာသူတို့ရဲ့အမျိုးပါဆိုပြီးတော့ ပိုက်ဆံလာပြီးတော့ ထုတ်ယူသွားပါတယ်၊ ကျွန်တော်တို့တွေကတော့ပိုက်ဆံရရေးကိုပဲ ဆောင်ရွက်ပေး ရတာဖြစ်တယ်။အမျိုးဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်တို့မသိဘူး၊ကျွန်တော်တို့ လက်မှတ်ထိုးခါနီးမှာကြတော့ပေါ်ပါတယ်။ပိုက်ဆံထုတ်ပေးတဲ့သူဟာပွဲစားတစ်ယောက်ဖြစ်ပါတယ်”ဟု ကိုမုန်တိုင်းမှ ပြောသည်။

ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ဦး သေဆုံးခဲ့မှုတွင် ရခိုင်လူမျိုးတစ်ဦးပါဝင်ပြီး ၎င်း၏ မိသားစုနှင့် တိုက်ရိုက် အဆက်အသွယ် ရရှိရေး ဆောင်ရွက်နေကြောင်းလည်းသိရသည်။

“ ထိုင်းနိုင်ငံအာဏာပိုင်တွေ ဆယ်ဖွဲ့နဲ့ဒီပိုက်ဆံ ၅ သိန်းကို ကျွန်တော်တို့က ပြန်ယူဆောင်ပြီးတော့ ပုလိပ်ရုံးမှာပြန်အပ်ထားပါတယ်၊ကျွန်တော်တို့ သွားအပ်တဲ့အချိန်မှာ ရခိုင်ကအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေပါတယ်၊ကျွန်တော်တို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့၊ထိုင်းလွတ်တော်ပါတီကပါပါတယ်၊ထိုင်းရှေ့နေတွေရယ် ကျွန်တော်တို့က လက်မှတ်ထိုးပြီးတော့ ပိုက်ဆံပြန်အပ်ပေးပါတယ်၊” ဟု ကိုမုန်တိုင်းမှ ပြောသည်။

မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ သေဆုံးသူများထဲမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အလုပ်သမားတစ်ဦး ပါဝင်ပြီး ၎င်းမိဘများနှင့် အဆက်အသွယ် မရရှိသေးဘဲ လျှော်ကြေးပေးရန် အတွက် အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ အခုသူရဲ့မိဘတွေအားလုံးကိုဆက်သွယ်နေတယ်၊ဒီလူက အမျိုးပါ ဟိုလူက အမျိုးပါဆိုတာကို လက်ရှိယုံပေးလို့မရဘူး၊တကယ်သူ့အမျိူးမှန်ကန်တယ်ဆိုရင် မိဘရဲ့မှတ်ပုံတင် ကောင်လေးရဲ့အိမ်ထောင်စုစာရင်းရယ်တိုက်ကြည့်မှာပါ တိုက်ကြည့်လို့မှန်ကန်တယ်ဆိုမှ ဒီပိုက်ဆံကို ထုတ်ပေးမှာပါ ခင်ဗျ၊ မမှန်မကန်ရင် မထုတ်ပေးပါဘူး။ ရခိုင်လူမျိုးအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီးတော့မှ ပိုက်ဆံ ၁၇ သိန်းကျော် ကိုသူ့မိဘတွေ ဆက်သွယ်လို့မရမချင်း ဘယ်သူ့ကိုမှ တပြားတစ်ချပ်ပေးမှာမဟုတ်ပါဘူး။”ဟု ကိုမုန်တိုင်းမှပြောသည်။

သေဆုံးသူမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အဝရွာအုပ်စု င/စိုင်းရိုင်းချောင်း- မြစ်နားကျေးရွာနေ၊ အဖ ဦးမြသာထွန်း၊ အမိဒေါ်မတင်ကြည် သားဖြစ်သူ အသက်  ၂၆ နှစ်အရွယ်ရှိ ကိုဆန်းဝင်းမောင်ဖြစ်ပြီး အဆိုပါ လူငယ်အတွက် နစ်နာကြေးရရှိရန် ကြိုစားနေခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် စက်ရုံဖက်မှ အသက်သေဆုံးခဲ့သည့် အလုပ်သမားများ အတွက် နစ်နာကြေးကို လိုက်လျောပေးခြင်း မရှိ၍ အလုပ်သမားများက တောင်းဆို ဆန္ဒပြခဲ့ရာမှ လုပ်ငန်းရှင်ဘက်က လုပ်သားတစ်ဦးကို နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် နှစ်ဖက် ပြေလည်မှု ရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူများ၏ နာရေးနှင့် အခြားကိစ္စများအတွက် ဘတ် ၅ သိန်းကို မိသားစုဝင်များထံသို့ လက်ငင်းငွေသား ပေးချေခဲ့ပြီး ကျန် ၁၁ သိန်းကို သုံးလအတွင်း ပေးအပ်မည်ဟု အလုပ်ရှင်ဘက်က သဘောတူခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- WAG နှင့်မျိုးခိုင်


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!