စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

မြေပုံမြို့ပေါ် ငွေလွှဲငွေပြောင်းလုပ်ကိုင်သည့်အိမ် ငွေကျပ်သိန်း ၁၃၀ ခန့် အခိုးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၆/ ၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်ရှိ ငွေလွှဲငွေပြောင်းလုပ်ကိုင်သည့်အိမ် ငွေကျပ် သိန်း ၁၃၀ ခန့် အခိုးခံလိုက်ရကြောင်း သိရသည်။

မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်၊ မြို့မစျေးအနီးရှိ "နဝရတ်" ပြည်တွင်းပြည်ပ ငွေလွှဲငွေထုတ် လုပ်ငန်းလုပ်ကိုင်သည့်နေအိမ်တွင် ဇူလိုင်လ ၅ ရက်၊ ညဉ့်အချိန်က နေအိမ်အတွင်း အိမ်သူအိမ်သားများ အိပ်ပျော်နေစဥ် အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင် ဦးကောင်းကျော်ဇံက နိရဥ္စရာကို ပြောသည်။

"သူခိုး အခိုးခံရတာကို မနက် ၄ နာရီ အိပ်ရာထချိန်မှ သိရတာ။ သူခိုးက တစ်ယောက်တည်း မဟုတ်လောက်ဘူး။ အနည်းဆုံးနှစ်ယောက်ဖြစ်မယ်။ အိမ်ရှေ့ကနေ ဝရံတာပေါ်တက်ပြီး အိမ်ထဲကိုဝင်မဲ့တံခါးက အောက်မှာ မင်းတုန်း မရှိဘူး။ အဲဒါ တံခါးအောက်ခြေကို သံတူးရင်းနဲ့ ထိုးကန့်ပြီး အပေါ်က မင်းတုန်းကိုဖွင့် ဝင်သွားတာ။ ကျနော့်အိပ်ရာနံဘေးက laptop အိတ်ထဲမှာထည့်ထားတဲ့ငွေတွေကို ယူသွားကြတာပါ"ဟု ပြောသည်။

အဆိုပါနေအိမ်ပိုင်ရှင်တို့သည် ယခုအိမ်ကိုပြောင်းပြီး ယခုလုပ်ငန်းကိုလုပ်ကိုင်သည်မှာ တစ်လခန့်သာရှိသေးသည်ဟု ဆိုသည်။

နေရာအသစ်တွင် သတိလက်လွတ်ပေါ့ဆမိ၍ ယခုကဲ့သို့ အခိုးခံလိုက်ရခြင်းဖြစ်သည်ဟုလည်း သူက ဆက်ပြောသည်။

"ပိုက်ဆံတွေကို ခိုင်ခံ့လုံခြုံတဲ့ သံသေတ္တာတွေမှာ သော့ခလောက် ကြီးကြီးတွေနဲ့ သိမ်းဆည်း ထားသင့်ပါတယ်။ အဲလိုမလုပ်မိလို့ အခုလို ဖြစ်သွားတာပါ။ စိတ်တော့ မကောင်းဘူးပေါ့လေ" ဟု ပြောသည်။

အဆိုပါအိမ်နှင့် မလှမ်းမကမ်းရှိနေအိမ်တစ်လုံးတွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက သူခိုးဝင်ရောက်ခိုးယူခြင်းခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် မြို့မစျေးအနီးရှိ နောက်ထပ်နေအိမ်တစ်လုံးတွင်လည်း ပြီးခဲ့သည့်လက သူခိုးဝင်ရောက် ခိုးယူခြင်းခံလိုက်ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!