ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် ယခင်နှစ်စိုက်ပျိုးရာသီကစပါးများအား ယခုနှစ်မိုးအကုန်ထိ ရောင်းမထွက်၍ လယ်သမားများ အခက်အခဲရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 182

သဥ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၇/ ၂၀၂၄

ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ် မိုးအကုန်ထိ ရောင်းမထွက်၍ လယ်သမားများ  အခက်အခဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

ရခိုင်ဒေသမှ ထွက်ရှိသည့် ပိုလျှံစပါးများကို ဘင်္ဂလားဒေ့ရှ် အပါအဝင် ဗမာပြည်ဘက်သို့ တင်ပို့နိုင်ခြင်း မရှိသဖြင့် ဒေသအတွင်းတွင်သာရောင်းချနေကြရပြီး စျေးကောင်းလည်းမရရှိဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“၂၀၂၃ ခုနှစ်က ရိတ်သိမ်းထားတဲ့စပါးတွေက ရောင်းမကုန်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲစဖြစ်ကတည်းက လမ်းပိတ်ထားတော့ ကိုယ့်ပြည်တွင်းကစပါးတွေကို ဘယ်ကိုမှ ပို့လို့မရဘူး။ ဒါကြောင့် စပါးက စျေးမကောင်းဘူး”ဟု ပြောသည်။

တိုက်ပွဲမဖြစ်မီက ရခိုင်ပြည်မှ ထွက်ရှိသည့် ဆန်နှင့် စပါးများ ဧရာဝတီ၊ ရန်ကုန်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တင်ပို့နိုင်ခဲ့သဖြင့် စပါးတင်းတစ်ရာကို ကျပ်(၂၅)သိန်းမှ (၃၅)သိန်းအထိ စျေးကောင်းရရှိခဲ့သည်။

လက်ရှိတွင် စပါးတင်းတစ်ရာကို ငွေကျပ် (၁၀)သိန်းမှ (၁၅)သိန်းအထိသာရရှိသော်လည်း ဝယ်မည့်သူမရှိ၍ အခက်တွေ့နေရခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

မင်းပြားမြို့နယ်၊ ကျားပိုက်ကေကျေးရွာမှ လယ်သမားတစ်ဦး၏ဇနီးက “စပါးတွေလည်း လာမဝယ်ကြတော့ စပါးတွေ မရောင်းရဘူး။ အရင်ကဆို လာဝယ်ကြတဲ့သူတွေ အများကြီး ရှိတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်တွင် ရွှေဝါထွန်း၊ စာပစိ၊ သီရိဒုံ၊ ငစိန်၊ ဧည့်မထ၊ ပေါ်ဆန်းမွှေး စသည့် ဆန်အမျိုး အစားများကို စိုက်ပျိုးတတ်ကြသည်။

ထိုသို့ လယ်သမားများ စပါးရောင်းမထွက်၍ အခက်အခဲဖြစ်နေကြသဖြင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) မှ စပါးအထွက်များသည့် မြို့နယ်များမှ စပါး တင်း ၁၀၀ ကို ၁၅ သိန်းပေးပြီး ဝယ်ယူနေသဖြင့် နည်းနည်း အဆင်ပြေသွားသည်ဟု လယ်သမား တစ်ဦးပြောသည်။

“အခုက အေအေကနေပြီးတော့ စပါးအထွက်နှုန်းများတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တောတို့မှာ တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းပေးပြီး ဝယ်ယူနေတဲ့အတွက် လယ်သမားတွေ နည်းနည်း ခံသာသွားတယ်။ မဟုတ်ရသ် ဆား၊ ငပိမြင်ရဖို့တောင် မလွယ်ဘူး” ဟု ပြောသည်။  

ရခိုင်တစ်ပြည်လုံး စပါးစိုက်ဧက ၁၂ သိန်းအထိရှိခဲ့သော်လည်း ဒေသမတည်​ငြိမ်မှုများကြောင့် တစ်နှစ်ထက်တစ်နှစ် စိုက်ဧက လျော့ကျလာကာ ယခုနှစ် စိုက်ပျိုးရာသီတွင် ၆၀ ရာနှုန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု သိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင် စပါးစိုက်ဧက ခြောက်သိန်းကျော်အထိသာစိုက်ပျိုးနိုင်ခဲ့ပြီး လာမည့် နှစ်တွင် စပါးစျေးကောင်းမရပါက စိုက်ပျိုးဧက ထပ်လျော့ကျနိုင်ကာ စပါးအထွက်နှုန်းလည်း လျော့ကျနိုင်ကြောင်း လယ်သမားများက ခန့်မှန်းကြသည်။

ယခုနှစ်တွင်လည်း ရခိုင်တွင် မိုးကြီးရေလျှံခဲ့မှုကြောင့် မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့တွင် လယ်ဧက သောင်းနှင့်ချီပျက်စီးခဲ့ရကြောင်း ဓညဝတီစိုက်ပျိုးရေး အသင်း ဥက္ကဋ္ဌ ဦးမောင်သိန်းလှက နိရဥ္စရာသတင်းဌာနကို‌ ပြောသည်။

လက်ရှိတွင် ရခိုင်မှ လယ်သမားများတွင် သွင်းအားစုစရိတ်ကြီးမားခြင်း၊ လုပ်သားနည်းပါးပြီး ငှားရမ်းခ စျေးကြီးခြင်း၊ စက်သုံးဆီ စျေးကြီးခြင်း၊  သဘာဝဘေးအန္တရာယ်များကြောင့် လယ်ယာမြေများ ပျက်စီးခြင်း၊ တိုက်ပွဲကြောင့် လယ်သမားအများစု လယ်ယာ မစိုက်ပျိုးနိုင်ခြင်းတို့ အပြင် ပြည်ပသို့ စပါးမတင်ပို့နိုင်ခြင်း တို့ကြောင့် လယ်သမားများ၏ ဘဝ ချွတ်ခြုံကျနေရသည်ဟု လယ်သမားများက ပြောသည်။

ဓာတ်ပုံ - ရခိုင်ရှိ ရိတ်သိမ်းပြီးစ စပါးများအား ခြွေလှည့်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်က တွေ့ရစဥ်

ဆက်စပ် သတင်းများ