တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့နယ်မြောက်ပိုင်း စစ်ဆေးရေးဂိတ်များတွင် စစ်သားများအစား ရဲများကို အစားထိုးအစောင့်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 889

နိရဉ္စရာ၊ အောက်တိုဘာ ၂၀/၂၀၂၄

တိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့နယ် မြောက်ပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်သားများအစား ရဲများကို အစောင့်အဖြစ် အစားထိုးချထားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ အရင်က ဂိတ်တိုင်း စစ်သားတွေဘဲ။ ဒီနေ့ မနက်ကစပြီ ရဲတွေကို တွေ့ရတယ်။ ရဲတွေကလည်း ယူနီဖောင်းအပြည့်မဝတ်ဘူး။ အပေါ်က အရပ်ဝတ်၊ ဘောင်းဘီကတော့ ရဲဘောင်းဘီဝတ်ပြီး စောင့်နေတယ်။ ဘာထူးခြားလဲတော့ မသိဘူး”ဟု ပြောသည်။

ဇီးကုန်းရွာ ရဲသီဟ ဘုန်းတော်ကြီးကျောင်း စစ်ဆေးရေးဂိတ်နှင့် ဆပ်သွား စစ်ဆေးရေးဂိတ်များတွင် ယခင်က စစ်သားများ စစ်ဆေးသော်လည်း ယနေ့တွင် ရဲများကို အစားထိုး အစောင့်ချကာ စစ်ဆေးမှုများပြုလုပ်သည်ဟု တစ်ခြားဒေသခံတစ်ဦးက ပြောသည်။

“  ဇီးကုန်းရွာ ရဲသီဟ ဘုန်းတော်ကြီးကျောင်းဂိတ်မှာ နိုင်ငံသားကတ်စစ်တယ်။ သံတွဲမှတ်ပုံတင်ဆိုရင် မဝင်ရဘူး။ ဆပ်သွားတံတားမှာတော့ အပေါ်အရပ်ဝတ်၊ ဘောင်းဘီကရဲဘောင်းဘီနဲ့ ရဲတွေစစ်တယ်။ အခုအသွားအပြန်ဆိုရင် မှတ်ပုံတင်ကို သိမ်းထားတယ်။ ပြန်လာရင် ပြန်ပေးတယ်။ ဒီဂိတ်တွေက အရင်စစ်သားတွေစစ်တာ။ အခုရဲတွေစစ်တော့ ထူးခြားတဲ့ သဘောပါ”ဟု ပြောသည်။

ဇီးကုန်းရွာသည် လွန်ခဲ့သည့် တစ်ရက်နှစ်ရက်ခန့်က တိုင်ကျိုး ပုဂံတောင်က တပ်ဆုတ်လာသည့် အမြောက်တပ် နေရာယူထားသည့် ရွာဖြစ်ပြီး ၎င်းတပ်သည် လက်ရှိ ရဲသီဟ ဘုန်းတော်ကြီးကျောင်းတွင် အထိုင်ချထားသည်ဟု သိရသည်။

“ ရဲသီဟ ဘုန်းတော်ကြီးကျောင်းမှာ အမြောက်တပ်က အထိုင်ချပြီး ဆက်တိုက်ပစ်နေတယ်။ ဆင်ကူး၊ဆားချက်၊ ကျောင်းတောင်ရွာနောက်ကြောတွေကို ပစ်နေတယ်။ ကျောက်ချပ်၊ ဆားချက်၊ ဆင်ကူးတို့က လူတွေ အကုန်ထွက်ပြေးနေကြရတယ်။ ဘာတွေဖြစ်လာမယ်မသိတော့ဘူး”ဟု ပြောသည်။

ယနေ့ နံနက် ၇ နာရီခန့်က စစ်ကား ၂ စီးဖြင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသောစစ်သားများ ဂွကနေ တိုင်ကျိုးဘက်သို့ ဆင်းလာကိုတွေ့ရလာသော်လည်း စစ်ကူအင်အား အများအပြား မပို့နိုင်တော့ဟု ဆိုသည်။

ဂွမြို့နယ် မြောက်ပိုင်း ကြွေချိုင်၊ တိုင်ကျိုးတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်းရေလေ အသုံးပြုကာ အပြင်းအထန် ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ