တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ်အနီးရှိ အုန်းကျိန်ကျွန်းရေတပ် တိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

မင်းသျှင်စော၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၀/ ၂၀၂၄

ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ အုန်းကျိန်ကျွန်းရေတပ်စခန်းကို ယမန်နေ့က အာရက္ခတပ်တော် (AA)မှ  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

အုန်းကျိန်ကျွန်းရေတပ်စခန်းသည် ကျောက်ဖြူ သစ်ပုတ်တောင် ( ဓညဝတီ) ရေတပ်ဌာနချုပ်မှ ရေမိုင် ၄ မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု​ သိရသည်။

ဒေသခံတစ်ဦးက "မနေ့က နေ့လယ်  ၂ နာရီကျော်လောက်မှာ အုန်းကျိန်ရေတပ်စခန်းက ပေါက်ကွဲသံ ၂ ချက် ကြားရတယ်။ အကျယ်ကြီးကြားရတာပါ။ ထပ်ပြီး အုန်းကျိန်ကျွန်းပေါ်ကလည်း လက်နက်ငယ် ပစ်ခတ်သံတွေ ထပ်ကြားရတယ်။ တိုက်ပွဲဖြစ်နေပြီထင်လို့ ကျွန်တော်တို့ထွက်ပြေးကြတယ်"ဟု ပြောသည်။

လက်နက်ကြီးပေါက်ကွဲသံနှင့်အတူ လက်နက်ငယ်ပစ်ခတ်သံများကြောင့် အနီးအနားကျေးရွာများ ဖြစ်ကြသော တောင်ရှည်ကျေးရွာ၊ ကညှင်တောကျေးရွာနှင့် ဝါးတောင်ကျေးရွာတို့မှ ကျေးရွာ သားများလည်း ကြောက်လန့်ပြီး ထွက်ပြေးကြရသည်ဟု သူကဆိုသည်။

ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်လက်အောက်ခံ ရေတပ် တပ်စခန်းတစ်ခုဖြစ်သော အုန်းကျိန်ကျွန်းရေတပ်သည် ပတ်ဝန်းကျင် ဒေသခံများအား အနှောင့်အယှက် ပေးနေသော ရေတပ်စခန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

“ ငါးရှာထွက်တဲ့ စက်လှေတွေကိုလည်း အမြဲလက်နက်ငယ်တွေနဲ့ အဲဒီစခန်းက ပစ်ခတ်တယ်။  နယ်ကျေးရွာတွေကနေ ကျောက်ဖြူမြို့ကို ရေကြောင်းကနေ စက်လှေတွေနဲ့ ဖြတ်သန်းသွားလာရင် တားဆီးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ အဓိက ဒီရေတပ်က နယ်တွေနဲ့ ကျောက်ဖြူမြို့ပေါ်ကို သွားလာတဲ့ ရေကြောင်းလမ်းကို အဓိက ပိတ်ထားတဲ့ စခန်းဖြစ်ပါတယ်” ဟု​ ပြောဆိုသည်။

ကျောက်ဖြူမြို့တွင် အေအေနှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု အကြီးအကျယ် မရှိသေးသော်လည်း မကြာခဏ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေသည်ဟု သိရသည်။

လက်ရှိ အုန်းကျိန်ကျွန်းရေတပ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အသေးစိတ်ဖြစ်စဉ်များကို မသိရှိရသေးပါ။

ဆက်စပ် သတင်းများ