တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ဒေသတွင်း တင်းမာမှုမြင့်တက်နေချိန် အီရန်ကဦးဆောင်ပြီးရုရှား၊ အိုမန်တို့နှင့် အတူပူးပေါင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 182

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၀/၂၀၂၄ (နိုင်ငံတကာ)

 

ဒေသတွင်း တင်းမာမှုမြင့်တက်နေချိန် အီရန်သည် ရုရှား၊ အိုမန်တို့နှင့် အတူ ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်မှုကို အိမ်ရှင်အဖြစ် ဦးဆောင် ပြုလုပ်ခဲ့ကြောင်း ရိုက်တာ သတင်းဖော်ပြချက်အရ သိရသည်။

 

အီရန်က အိမ်ရှင်အဖြစ် ဦးဆောင်ပြုလုပ်သည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာတွင် အောက်တိုဘာ(၁၉)ရက်က စတင်ပြုလုပ်ခဲ့ရာ ရုရှားနှင့် အိုမန်တို့ပူးပေါင်းပါ၀င်ခဲ့ ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။

 

“IMEX 2024” ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ရန် ရည်ရွယ်ပြီး၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပင်လယ်ရေကြောင်းလုံခြုံရေးကို ကာကွယ်ရန်နှင့် စွမ်းဆောင်ရည်များကို ပြသရန် ကိုလည်းရည်ရွယ်သည်ဟုဆိုသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လေ့လာသူများအဖြစ် ဆော်ဒီအာရေဗျ၊ ကာတာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့လည်း ပါ၀င်သည်ဟု အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြချက်အရသိရသည်။



 

ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြသူများသည် နိုင်ငံတကာပင်လယ်ရေကြောင်း ကုန်သွယ်မှု လုံခြုံရေး၊ ရေလမ်းကြောင်းများကိုထိန်းသိမ်းကာကွယ်ရန် ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အစီအမံများ တိုးမြှင့်ရန်နှင့် ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆိုင်ရာ သတင်း အချက်အလက်များကို ဖလှယ်ခြင်းတို့ကို လေ့ကျင့်သွားမည်ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည်ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့ကို အစ္စရေးက စစ်ပွဲဆင်နွှဲနေ သည့်အတွက် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်လျက်ရှိနေသည်။

 

အီရန်သည်အမေရိကန်နှင့် ဒေသအတွင်း တင်းမာမှုများကိုတုန့်ပြန်သည့် အနေဖြင့် ရုရှား၊ တရုတ်တို့နှင့် စစ်ရေးပူးပေါင်းမှုဆောင်ရွက်မှုများကိုအီရန်က ပိုမို တိုးမြှင့်လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

အီရန်သည် ယခုနှစ် မတ်လအတွင်းကလည်း တရုတ်နှင့် ရုရှားတို့နှင့်အတူ (၅)ကြိမ်မြောက် ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို အိုမန်ပင်လယ်ကွေ့တွင် ပြုလုပ်ခဲ့သည်။ Source/Reuters

ဆက်စပ် သတင်းများ