အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ လစာမရ၍ အခက်အခဲကျရောက်နေကြရသည့် ပညာရေးဝန်ထမ်းတချို့ လုပ်ငန်းခွင်ပြန်ဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 123

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၂ /၂၀၂၄

ကျောက်ဖြူမြို့နယ်မှ လစာမရ၍ စား၀တ်နေရေး အဆင်မပြေသည့် ကျောင်းဆရာ/ ဆရာမတချို့သည် မြို့ပေါ်သို့ သွားရောက်​ပြီး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ကာ တာဝန်ထမ်းဆောင်နေကြသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအားလုံးကို မြို့ပေါ်သို့ ယာယီတွဲဖက် တာဝန် ထမ်းဆောင်ရန် သြဂုတ်လအတွင်းက ဆင့်ခေါ်ခဲ့ပြီး တာဝန်ထမ်းဆောင်ရန် မလိုက်နာသူများကို လစာမပေးသည့် အပြင် တာဝန်မှရပ်ဆိုင်းမည်ဟု မြို့နယ်ပညာရေးမှူးရုံးက အမိန့်ထုတ်ခဲ့သည်ဟု သိရသည်။ 

ယင်းနောက်ပိုင်းတွင် လစာရလိုသည့် အပြင် အလုပ်မှလည်း ထုတ်ခံရမည်ကို စိုးရိမ်ပြီး လုပ်ငန်းခွင်ကို ပြန်ဝင်နေကြရသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်မှ ပညာရေး ဝန်ထမ်းတစ်ဦးက " လုပ်ငန်းခွင် မဝင်ရင် အလုပ်ဖြုတ်ခံရမယ်။  လစာလည်း မပေးဘူး။ လစာမရတော့ စားဝတ်နေရေး အဘက်ဘက်က အခက်အခဲဖြစ်ကြရတယ်။ ဒီတော့ အလုပ်ဖြုတ်ခံရမှာနဲ့ လစာရချင်လို့ မြို့ကိုသွားပြီး လုပ်ငန်းခွင် ပြန်ဝင်ကြတယ်။ အားလပ်ရက်ဆို နယ်ကို ပြန်လာတယ်”ဟု ပြောသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများတွင် စာသင်ကျောင်းများ မဖွင့်သဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ကျောက်ဖြူ မြို့ပေါ်သို့ လာရောက်ကာ တွဲဖက်တာဝန်ဖြင့် လုပ်ငန်းခွင်ဝင်နေကြရသည်ဟု နိရဉ္စရာသတင်းဌာန ကိုပြောသည်။

“ မြို့ကိုသွားရင် ကျောက်တလုံးဂိတ်က လွယ်လွယ်နဲ့ ဝင်ခွင့်မပေးဘူး။ ကုန်ကျ စရိတ်များပေမယ့် လစာရချင်လို့ အများစုက သွားကြတယ်။ ကျောက်ဖြူ မြို့မှာ တွဲဖက် လုပ်ငန်းဝင် တဲ့ ဆရာမတွေက ကျောက်ဖြူ တစ်ခုထဲကမဟုတ်ဘူး။ မြေပုံ၊ မြောက်ဦးတို့ဘက်မှာ တာဝန်ကျခဲ့တဲ့ ဆရာ ဆရာမ တွေလည်း ပါတယ် " ဟုပြောသည်။

ဆရာ ဆရာမများအနေဖြင့် စားဝတ်နေရေး အကျပ်အတည်းကြောင့်သာ ကျောက်ဖြူမြို့ပေါ်သို့ သွား​ရောက် တာဝန် ထမ်းဆောင်နေရသော်လည်း လုံခြုံရေးကို အထူးစိုးရိမ်နေကြရသည်ဟု ဆိုသည်။

နောက်ထပ်ကျောင်းဆရာတစ်ဦးက " အောက်တိုဘာလ ပထမအပတ်က ဆရာမတွေ အပြည့်ပါတဲ့ ကားတစ်စီး ကျောက်ဖြူမြို့ကို တာဝန် ထမ်းဆောင်ဖို့ သွားကြတာ။ ကားပေါ်မှာ တချို့လည်း ကျောက်ဖြူက​နေ ရန်ကုန်ကို လေယာဉ်နဲ့ တာဝန် ထမ်းဆောင်ဖို့ သွားတာလည်းပါတယ်။ လမ်းမှာ ဒရုန်းနဲ့ အပစ်ခံရတာ။ စစ်ကောင်စီက ဆရာမတွေပါတဲ့  ကားမှန်းလည်းသိတယ်။ အထိအခိုက်တော့မရှိဘူး။ မထိသွားလို့" ဟုပြောသည်။

ရခိုင်ပြည်တွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများသည် တိုက်ပွဲများကြောင့် စာသင်ကျောင်းများကို ပိတ်ထား၍ လစာမရဘဲဖြစ်နေကြပြီး အများစု ဆရာ ဆရာများမှာ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

Photo-ပြန်ကြား ရေး ဝန်ကြီးဌာန

ဆက်စပ် သတင်းများ