တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မြောက်ဦးတွင် ရေနစ်မြုပ်၍ လူပေါင်း ၁ ထောင်ကျော်ကို အရေးပေါ်ရွေ့ပြောင်းထားရ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 937

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်တွင် ရေနစ်မြုပ်နေ၍ လူပေါင်း ၁ ထောင်ကျော်ကိုဘေးလွတ်ရာသို့ အရေးပေါ်ရွေ့ပြောင်းထားရသည်ဟု ဒေသခံများက သိရသည်။

မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု (၂၂၃)စု၊ ကျား(၅၅၀)ဦး၊ မ(၅၅၆)ဦး၊ ပေါင်း(၁၁၀၆)ဦးနှင့် လက်ကောက်ဈေးရပ်ကွက်၊ ဆင်ချဆိပ်ရပ်ရှိ အိမ်ထောင်စု(၂၃)စု၊ ကျား(၄၆)ဦး၊ မ(၅၇)ဦး၊ ပေါင်း(၁၀၃)ဦးတို့အား ယနေ့ သြဂုတ်လ ၇ ရက်၊ နံနက်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်းကာ ပြောင်းရွေ့ နေရာချထားပေးခဲ့ရကြောင်း သိရသည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို မြတန်ဆောင်းဘုန်းကြီးကျောင်းဓမ္မာရုံနှင့် လက်ကောက်ဈေးရပ်ကွက်၊ ဆင်ချဆိပ်ရပ်မှ ဒေသခံများကို ရေလွတ်သည့် နီးစပ်ရာဆွေမျိုးများနေအိမ်များသို့ အရေးပေါ်ပြောင်းရွေ့ထားရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ခံ ဦးဘညွန့်က သူတို့တွေစားရေးသောက်ရေးကတော့ အရင်ကနေကျပ်တည်းနေချိန်မှာ ဒီလိုဖြစ်သွားမယ် ဆိုရင်တော့ လက်လုပ်လက်စားတွေအတွက် အန္တရာယ်က ပိုများတယ်။ အန္တရာယ်က ပိုများတော့ သူတို့ဟာ အခုတော့ ချေးငှားပြီးစားနေရမှာပေါ့ဟု ပြောသည်။





ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်နိုင်ရေးအတွက် မနက်ဖြန် သြဂုတ်လ ၈ ရက်တွင် မြို့တွင်းရှိ အရပ်ဘက် အဖွဲ့အစည်းအချို့မှခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် စီစဉ်နေကြသည်ဟုလည်း သူက ပြောသည်။

မြောက်ဦးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ချောင်းရေများသည် မြို့တွင်းသို့ ၄ ပေခွဲခန့်အထိ ဝင်ရောက်နေခြင်း ဖြစ်သည်ဟု မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံဖြစ်သည့် မြတန်ဆောင်းဆရာတော်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် မိန့်ဆိုထားသည်။

မိုးသာ တကယ်လို့ ရပ်မသွားဘူးဆိုရင် ရေက ထပ်တက်လာမယ်လို့ ထင်ပါတယ်။ လောလောဆယ်ကတော့ ထွေထွေထူးထူး ပြဿနာတွေ၊ အခက်အခဲတော့ မဖြစ်သေးဘူး။ စားရေးသောက်ရေးကတော့ အခက်အခဲဖြစ်လာမယ်ထင်ပါတယ်။ စစ်ဘေးရှောင်တွေက ကိုယ့်ဟာကိုယ် လုပ်ကိုင်ပြီးတော့ စားသောက်နေရတာပါ။ WFP က ထောက်ပံ့ပေးတာဟုတ်တယ်။ WFP က ထောက်ပံ့ပေးပေမဲ့ မိသားစုတစ်စုလိုအပ်ချက်ရဲ့ ၄ ပုံ ၁ ပုံလောက်ကိုပဲ ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ကျန်တဲ့ ၃ ပုံကတော့ ကိုယ့်ဟာကိုရှာပြီးတော့ စားနေကြတာဖြစ်ပါတယ်။ ဒီလိုရေပြည့်လာရင်၊ မိုးအဆက်မပြတ်ရွာနေမယ်ဆိုရင် အလုပ်အကိုင်တွေအားလုံးလည်း ရပ်ထားကြရပါတယ်ဟု မိန့်သည်။

ယင်းကြောင့် ကူညီပေးနိုင်မည့်သူများအနေဖြင့် ရေဘေးသင့်ပြည်သူများကို ဆောလျင်စွာ ကူညီပေးကြဖို့ကိုလည်း ဆရာတော်က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။





မြောက်ဦးမြို့တွင် နောက်ထပ် ဗန္ဓုလရပ်ကွက်ရှိ အုန်းတောရွာအပိုင်း၊ အလယ်စျေးအုပ်စုရှိ ကြက်လျှာကျွန်း၊ ကန်ချေစုရှိ ကန်လှ၊ တောင်ရပ်ရပ်ကွက်ရှိ ငါးခြောက်စျေးအုန်းတောနှင့် သင်္ဘောဆိပ်ရပ်ကွက်၊ အောင်တပ်အုပ်စုရှိ အောင်စေတီစစ်ဘေးရှောင် စခန်းတို့တွင် ချောင်းရေမြင့်တက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု မြောက်ဦးမြို့ခံ ဦးဘညွန့်က ဆက်ပြောသည်။

အခုက မိုးစဲလို့ နည်းနည်းလျော့သွားတယ်။ လျော့သွားရင် ထပ်ပြီး မိုးရွာရင် ထပ်တိုးလာတယ်။ အဲလိုပုံစံမျိုးပါ။ ဒီနေ့ညဥ့်သာရွာဦးမယ်ဆိုရင် ဆက်ပြီးတော့ ပြည့်နေမဲ့အနေအထားမျိုးရှိပါတယ်ဟု ပြောသည်။

အလားတူ မြောက်ဦးမြို့နယ် လေးမြို့ချောင်းကမ်းဘေးရှိ ကျေးရွာများနှင့် နေအိမ်များလည်း မြစ်ရေမြင့်တက်နေမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရခြင်းများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်စသည့်မြို့နယ်များတွင် မြစ်ရေများမြင့်တက်မှုကြောင့် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဒဏ်ကိုခံနေကြရပြီး ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရသည်။

ယမန်နေ့ သြဂုတ်လ ၆ ရက်ကဆိုလျှင် မင်းပြားမြို့နယ်၊ သာစည်ကျေးရွာမှ ပြင်ယောင်းကျေးရွာသို့ ရေကြီးနေသည့် လေးမြို့မြစ်အတွင်း စက်လှေဖြင့်သွားသည့် သားမိနှစ်ဦး ရေနစ်မြုပ်သေဆုံးသွားခဲ့သည်ဟု သိရသည်။

Photo – Rakhine Fire Force

ဆက်စပ် သတင်းများ