ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေကြီးနစ်မြုပ်နေ၍ ကုန်းမြင့်ရာသို့ ပြောင်းရွေ့နေကြရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 941


ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်ကျော်သောင်းက "ရေကြီးနေတယ်။ လူနေဆောင်တွေရဲ ကြမ်းခင်းထားတာတွေလည်း နစ်နေပါပြီ။ မိုးကအရမ်း ရွာနေတော့ တချို့နေရာတွေမှာ ရေပြည့်နေတာ အရပ်မမီတော့ဘူး" ဟု  ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ မုန်တိုင်းငယ်အရှိန်ကြောင့် သြဂုတ် ၁ ရက်မှ ယနေ့သြဂုတ် ၅ ရက်အထိ အဆက်မပြတ်မိုးသည်းထန်စွာ ရွာသွန်း၍ သရီချောင်းရေ၊ ဇီးချောင်းဆည်မှ ရေများနှင့် လယ်ကွင်းပြင်မှရေများ ဝင်ရောက်နေပြီး ယင်းစစ်ဘေးရှောင်စခန်းတွင် ရေ ၃ ပေကျော်ခန့်အထိ မြင့်တက်နေခြင်းဖြစ်သည်။


လက်ရှိတွင် စခန်းအားလုံးမှ လူနေဆောင်များမှာ ရေနစ်မြုပ်နေပြီး စစ်ဘေးရှောင်များမှာ ကုန်းမြင့်ရာနေရာများနှင့် ရထားလမ်းစသည့် နေရာများသို့ ပြောင်းရွေ့ကာ တာပေါ်လင်စများဖြင့် ယာယီတဲများ ဆောက်လုပ်နေကြရသည်ဟု သိရသည်။

နောက်ထပ်စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက "ရေက အဆောင်ကြမ်းခင်းနဲ့ ထိနေတယ်။ လေတိုက်ပြီး လှိုင်းထရင် လူနေဆောင်ကြမ်းခင်းကို တဖျန်းဖျန်းရိုက်တယ်။ နေလို့အဆင်မပြေတော့ဘူး။ ကုန်းမြင့်တဲ့နေရာတွေကို အထုပ်အပိုးတွေထုပ်ပိုးပြီး ရွေ့ပြောင်းနေရတယ်။ မိုးရွာတော့ နေထိုင်ရေး အဆင်မပြေလို့ တာပေါ်လင်စတွေနဲ့ ဖြစ်သလိုတဲဆောက်ပြီး နေနေရတယ်" ဟု ပြောသည်။



ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ရှိသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေ၍ နေထိုင်ရေးအခက်အခဲနှင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လျက်ရှိပြီး အမိုးအကာအဖြစ် တာပေါ်လင်စများ လိုအပ်နေသည်ဟု သိရသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်မှ မြို့မရွှေကျောင်း၊ ကဝိရတနာစစ်ဘေးရှောင်စခန်း၊ နေပူခံစစ်ဘေးရှောင်စခန်း၊ မြို့သစ်မှန်ကျောင်း၊ သိမ်ပြင်ကျောင်း၊ သရက်အုပ်စစ်ဘေးရှောင်စခန်းတို့တွင်လည်း မိုးကြီး၍ ရေကြီးနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ