ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် သီတင်းကျွတ်ကာလ ဆီမီးဖောင်အလှပြိုင်ပွဲကျင်းပမည်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 841

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် သီတင်းကျွတ်ကာလ ဆီမီးဖောင်အလှပြိုင်ပွဲတစ်ခုကို ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဦးဆောင်ကျင်းပသွားမည်ဟု သိရသည်။

လာမည့်သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၉ ရက်) မတိုင်မီ အောက်တိုဘာ ၂၈ ရက်တွင် ပြိုင်ပွဲဝင်များကို စတင်လက်ခံသွားမည်ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဥက္ကဋ္ဌ မမြတ်သန္တာလှိုင်က နိရဥ္စရာသတင်းဌာနကို ပြောသည်။ 

“ကျမတို့မြို့မှာဆိုရင် အရင်ကတည်းက ဆီမီးဖောင်တွေပြုလုပ်ပြီး လူလတ်ပိုင်း လူငယ်ပိုင်းတွေ လှည့်လည်ပူဇော်ခံတဲ့ဓလေ့တွေရှိတယ်။ ခုနောက်ပိုင်း နိုင်ငံရေးတွေအခြေနေမကောင်းတာတွေကြောင့် ဒီဓလေ့ကိုလုပ်တဲ့သူတွေနည်းလာတာပေါ့နော်။ အဲ့ဒါကြောင့် ဓလေ့ကိုထိန်းသိမ်းပြီး လူတွေလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားအောင် လုပ်တာပါ”ဟု ပြောသည်။ 

လာရောက်ယှဉ်ပြိုင်ကြသည့် ဆီမီးဖောင်များကို ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက် အထက(ခွဲ)ကျောင်းတွင် စုရပ်ထားပြီး ဓာတ်ပုံရိုက်ကာ Facebook တွင်တင်သွားမည်ဖြစ်ပြီး Like နှင့် Share အများဆုံးရသည့်အဖွဲ့ကို ပထမ၊ ဒုတိယနှင့် တတိယဆုဟူ၍ ဆု (၃)ခု ချီးမြှင့်ပေးသွားမည်ဟု ဆိုသည်။ 

ဆုကြေးများကို လောလောဆယ် သတ်မှတ်ထားခြင်းမရှိသေးဟုလည်း ပြောသည်။ 

ဖောင်များကို ခေတ်ပေါ်လျှပ်စစ်မီးသီးများဖြင့်မဟုတ်ဘဲ ဖယောင်းတိုင်မီးများဖြင့်သာ ပြုလုပ်ကြရမည်ဟုလည်း သိရသည်။ 

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက “ဒီလို ကိုယ့်မြို့ရဲ့ဓလေ့တွေကို ထိန်းသိမ်းတာဂုဏ်ယူစရာပါ။ ပျော်လည်းပျော်တတ်ဖို့လိုတယ်။ စည်းကမ်းရှိရှိပေါ့”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။ 

လပြည့်ကျော်တစ်ရက်ဖြစ်သည့် အောက်တိုဘာလ ၃ဝ ရက်တွင် အဆိုပါပြိုင်ပွဲဝင်ဆီမီးဖောင်များကို အလယ်စုအထက(ခွဲ)ကျောင်းရှေ့မှတဆင့် မြို့ကို လှည့်လည်ကာ ရွာဟောင်းရပ်ကွက်ရှိ သင်္ဘောဆိပ်မြစ်ပြင်တွင် မျှောကြမည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!