ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၃/၂၀၂၄
တူရကီနိုင်ငံ၏ အကြီးဆုံးကာကွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် လေကြောင်းအာကာသ ကုမ္ပဏီ (TUSAS) ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ(၃) ဦး သေဆုံးကာ (၁၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း CNN ကသတင်းဖော်ပြချက်အရသိရသည်။
လက်နက်ကိုင်တိုက်ခိုက်သူများသည် အောက်တိုဘာ(၂၃)ရက်က တူရကီ မြို့တော်အန်ကာရာရှိ တူရကီအစိုးရပိုင် လေကြောင်း အာကာသ ကုမ္ပဏီ(TUSAS) ကို သေစေလောက်သည့် “အကြမ်းဖက်” တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခဲ့သည်။
လက်နက်ကိုင်ဆောင် သူများသည်အန်ကာရာမြို့၊ ဆင်ခြေဖုံးတွင်ရှိသည့် တူရကီလေကြောင်း အာကာသနှင့် ကာကွယ်ရေး (TUSAS) ရုံးချုပ်အား အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ (၃)ဦး သေဆုံးခဲ့ရပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ အကြမ်းဖက် တိုက်ခိုက်သူနှစ်ဦး လည်း သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ပြောဆိုသည်။
“ဒီပြင်းထန်တဲ့ တိုက်ခိုက်မှုကို ကျွန်တော် ရှုတ်ချပါတယ်။ ကျွန်တော်တို့ရဲ့ အာဇာနည်တွေ ကို ဘုရားသခင် က သနားတော်မူမှာပါ။ ဒဏ်ရာရသူတွေ အမြန်သက်သာလာပါစေလို့လည်း ဆုတောင်းပါတယ်”ဟုYerlikaya ကဆက်လက်ပြောဆိုသည်။
တူရကီသမ္မတ အာဒိုဂန် သည် သည် နှစ်စဉ်ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရုရှားနိုင်ငံ ကာဇန် မြို့သို့ ရောက် ရှိနေစဉ်၊ အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း CNN က ဖော်ပြသည်။
တူရကီနိုင်ငံ၏ အဓိက ကာကွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TUSAS ရုံးချုပ် တိုက်ခိုက်ခံရမှုကြောင့် ဝမ်းနည်းမိကြောင်း အန်ကာရာ မြို့တော်ဝန် Mansur Yavas က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း တူရကီ တရားရေးဝန်ကြီး Yilmaz Tunc က ပြောကြားခဲ့သည်။
TUSAS သည် တူရကီနိုင်ငံတွင် ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများထဲမှ အကြီးမားဆုံးသော ကုမ္ပဏီတစ်ခုဖြစ်သည်။
TUSAS သည် လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့ လေယာဉ်များ(ဒရုန်းများ) နှင့် တိုက်လေယာဉ်များကို ထုတ်လုပ်နေသည့် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း Middle East Eye သတင်း ဌာနမှ တူရကီဗျူရိုအကြီးအကဲ Ragip Soylu က CNN သို့ ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ခြေရာခံလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။
တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်မိကြောင်းကို သမ္မတအာဒိုဂန်နှင့် စကား ပြောဆိုခဲ့ကြောင်း၊နေတိုးသည် တူရကီနှင့်အတူ ရပ်တည်လျက်ရှိနေပါကြောင်းနေတိုးအဖွဲ့ ၏ အထွေထွေအတွင်းရေးမှူး Mark Rutte က ပြောကြားခဲ့သည်။ Source/CNN