ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂၃ရက်၊ ၂၀၂၄

ဂွမြို့နယ်ကြွေချိုင်ယာယီအထိုင်စခန်းကို စစ်ကောင်စီလက်လွှတ်လိုက်ရပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 145

(တိုက်ပွဲအတွင်း ပိတ်မိနေသည့် ကြွေချိုင်ရွာသားများအား AA ကယ်ထုတ်သွား)

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ၂၂ ၊၂၀၂၄

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရပြီဟု ဒေသခံများက ပြောသည်။

ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတည်ရှိရာ ကြွေချိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့  လွန်ခဲ့သော တစ်ပတ်ခန့်ကစတင်ပြီး အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာ ၂၁ ရက်နေ့တွင်  စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာမှ နောက်ဆုတ်ပေးလိုက်ရသည်ဟု ဒေသ အတွင်းက သတင်းရင်းမြစ်များက ပြောသည်။

"ကြွေချိုင်မှာ စခန်းထိုင်ထားတဲ့တပ်တွေကိုအေအေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်လိုက်ပါပြီ။ နှစ်ဘက် အကျအဆုံးရှိပေမယ့် စစ်ကောင်စီတပ်က အကျအဆုံးတော်တော်များတယ်လို့ ကြားရပါတယ်။ မနေ့ညကတော့ လူနာတွေနဲ့ အတူ စစ်ကားတွေ ဂွမြို့ဘက်ကို စစ်ကား ၅ စီးတက်သွားတယ်။ စခန်း ကျသွားတော့ ဂျက်၊ Y12 နဲ့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတယ်။ ပြီးတော့ နေဗီကလည်း အဆက်မပြတ် လက်နက်ကြီးနဲ့ ပစ်တယ်။ တိုက်ပွဲအတွင်း ကြွေချိုင်ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် ၅လုံးလည်း  မီးလောင်သွားတယ်" ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ကြွေချိုင် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စခန်းအထိုင်ချပြီး အေအေ၏ ထိုးစစ်ကို လေးကြောင်းနှင့် ရေကြောင်းကပါ ခုခံသော်လည်း အကျအဆုံးအများအပြားဖြင့် နောက်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။

ကြွေချိုင်တွင် စစ်ကောင်စီဖက်မှ ၁၀၀ခန့် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိသည်ဟု ဒေသခံများက ပြောဆိုသော်လည်း အဆိုပါ အရေအတွက်အပေါ်  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်ကောင်စီသည် ဇီကုန်းကျေးရွာ ရဲသီဟ ဘုန်းတော်ကြီးကျောင်းတွင် ဘီးတပ် အမြောက်ကြီး လေးလက်ကို တပ်ဆင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကြွေချိုင်ရွာ နောက်ကြော တောင်တန်းများကို ပစ်ခတ်နေသည်ဟု ဒေသအတွင်း စစ်ရေးလေ့လာသုံးသပ်နေသူတစ်ဦးက ပြောသည်။

“  ကြွေချိုင်ရွာနောက်ကြောက ဆည်တစ်ခုရှိတယ်။ သပြုချောင်း အနီးပေ့ါ။ အဲဒီနားက တောင်ကြောတွေကို ဇီးကုန်း အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အေအေက ကြွေချိုင်ကို ဝင်သိမ်းပြီးတဲ့နောက် အဲဒီဘက်ကို နောက်ဆုတ်သွားတယ်ထင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ” ဟု ၎င်းက ပြောသည်။


AAတပ်ဖွဲ့ဝင်များသည် ကြွေချိုင်ကို သိမ်းပြီးနောက် ရွာထဲတွင် ပိတ်မိနေသူများအားလည်း ကယ်ထုတ်သွားသည်ဟု သတင်းရကြောင်း ၎င်းက ပြောဆိုသည်။

“အခုက စပါးတွေ ရိတ်သိမ်းချိန်ဆိုတော့ တချို့လည်း ရွာမှာကျန်နေတယ်။ တချို့လည်း ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားတာတွေရှိတယ်။ ရှောင်တဲ့သူရှိသလို မရှောင်တဲ့ လူတွေလည်း ရှိတယ်။ တိုင်ကြိုးနဲ့ ကြွေချိုင်က တစ်ရွာနဲ့ တစ်ရွာကပ်ရပ်ဆိုတော့ တစ်ရွာမှာ နည်းနည်းစီကျန်တာပေါ့။  အခု ကြွေချိုင်ရွာက တိုက်ပွဲကြားပိတ်မိနေတဲ့ လူတွေကိုတော့ အေအေက ကယ်ထုတ်သွားတယ်လို့ သိရတယ်။ ဘယ်ဘက်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုင်ကြိုးအနီးရှိ ဆပ်သွားသို့ ဆုတ်သွားပြီး ဆပ်သွားတံတားအား မိုင်းများတပ်ဆင်ထားကာ အေအေ ဝင်မလာနိုင်အောင် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်နေသည်ဟုလည်း ဒေသအတွင်းက သတင်းရင်းမြစ်များက ပြောဆိုသည်။

ရခိုင်တွင် မောင်တော၊ အမ်းနှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် တို့ အကြားတိုက်ပွဲပြင်းထန်နေပြီး အေအေ၏ ပြင်းထန်လှသည့် ထိုးစစ်ကို စစ်ကောင်စီက ခံစစ်ဖြင့်သာ ခုခံကာကွယ်နေရပြီး စခန်း တစ်ခုပြီး တစ်ခု လက်လွှတ်ဆုံးရှုံးနေရသည်ဟု သိရသည်။

(တချို့သတင်းအချက်အလက်များနှင့်ဓာတ်ပုံအား CJ ပေးပို့)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!