ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂၃ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ် ရှိ ဒုက္ခသည်စခန်းတစ်ခုမှ မိသားစု ၃ ဦးပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 111

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၄

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် ၊ အိုကီးယားမြို့ ရှိ Monarghona ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အဖွဲ့၀င်များက ဒုက္ခသည် မိသားစု၀င် (၃)ဦးကို ပစ်သတ်ခဲ့ကြောင်း Prothom Alo ကသတင်းဖော်ပြသည်။

ဖြစ်စဉ်မှာအောက်တိုဘာ(၂၁)ရက်တွင်ဖြစ်ပွားခဲ့ပြီးဒုက္ခသည်စခန်းအမှတ် (၁၇) ၏ လာပါဟာ နယ်မြေနှင့် ကပ်လျက် ရှိသည့် S-4 ဘလောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာမက်ဟူစိန် (၆၀)နှစ်၊ ၎င်း၏သားဖြစ်သူ ဆာရီဒူလ်အာမင်(၂၈) နှစ် နှင့် အက်စ်မာဘီဂမ် (၁၃) နှစ်တို့သေဆုံးခဲ့ရသည်။

ရာဇ၀တ်သားများက အဆိုပါ မိသားစုတစ်စုမှ လူ(၃)ဦးကို သတ်ဖြတ်သွား ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တပ်ရင်း-၁၄ မှ အကြီးအကဲဖြစ်သူMd Iqbal က အတည်ပြု ပြောဆိုခဲ့သည်။

စခန်း လုံခြုံရေးကိုစောင့်ကြည့်ရန်အတွက် ရဲတပ်ဖွဲ့ တပ်ရင်း-၁၄ မှ တပ်ဖွဲ့၀င်များကို ဒုက္ခသည်စခန်း၌ ဖြန့်ကျက်ချထားခဲ့သည်။ လက်ရှိတွင် ရိုဟင်ဂျာ ၄၇,၀၀၀ သည် Monarghona ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိသည်။ အသတ်ခံရသူ ဆာရီဒူလ်အာမင် သည်  အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) နှင့်အတူ ရာဇ၀တ်မှုများကို လုပ်ဆောင် နေသည်မှာအချိန် ကြာမြင့်ပြီဖြစ်ပြီး ၄င်းသည် ရန်ငြိုးကြောင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်ခဲ့သည့် ရာဇ၀တ်ကောင်များကို ဖမ်းဆီးရန် ဆက်လက်လုပ်ဆောင်နေကြောင်း Md Iqbal က ဆက်လက်ပြောဆိုသည်။

သေဆုံးသူ ဆာရီဒူလ်အာမင် သည် RSO မှ ထွက်ခွာခဲ့ပြီးနောက် လွန်ခဲ့သည့် ရှစ်လခန့်က ARSA သို့ ဝင်ရောက်ခဲ့ကြောင်း အမည်မဖော်လိုသည့်  ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။

၄င်းထွက်ခွာသွားခြင်းအတွက် RSO အဖွဲ့ကအမျက်ဒေါသထွက်ကာ၊ RSO အဖွဲ့၀င်(၁၅)ဦးမှ(၂၀)ဦးပါ လူအုပ်စုတစ်စုသည် ၎င်း၏ အိမ်သို့ ဝင်ရောက်စီးနင်းပြီးပစ်ခတ်ခဲ့ရာ အာမက်ဟူစိန်နှင့် ဆာရီဒူလ် အာမင်တို့သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် အက်စ်မာသည် ကော့ဘဇားဆာဒါဆေးရုံတွင်သေဆုံးသွားခဲ့ရသည်။

အိုကီးယား ရဲစခန်းမှ တာဝန်ခံ ဖြစ်သူ Arif Hossain က ရုပ်အလောင်း (၃)ခု ကို ကော့ဘဇား သို့ ပို့ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ဒုက္ခသည်ခေါင်းဆောင်များ၏ အဆိုအရ ယခုနှစ် အောက်တိုဘာလ (၂၁)ရက်အထိ ရိုဟင်ဂျာစခန်းများတွင် ရုန်းရင်းဆန်ခတ်မှု (၅၄) ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ (၇၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်များတွင် ARSA နှင့် RSO သို့မဟုတ် ရိုဟင်ဂျာအကြမ်းဖက်ဂိုဏ်းဖြစ်သည့် Nabi Bahini တို့အကြား ထိပ်တိုက်တွေ့ဆုံမှုသည် အများဆုံးဖြစ်ခဲ့ပြီး ARSA အဖွဲ့ဝင် (၂၅) ဦးနှင့် RSO အဖွဲ့ဝင် (၁၁) ဦး သေဆုံးခဲ့ရသည်။

လက်ရှိတွင် ဒုက္ခသည် စခန်း (၃၃) ခုတွင် စာရင်းသွင်းထားသည့် ရိုဟင်ဂျာ (၁၂. ၅)သန်းရှိပြီး ၎င်းတို့အနက်( ၈)သိန်းသည် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နောက်ပိုင်း တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်(၇)နှစ်အတွင်း ရိုဟင်ဂျာတစ်ဦးတစ်ယောက်မျှ နေရပ်ဆီသို့ပြန်သွားခဲ့ခြင်းမရှိခဲ့ဟု သတင်းတွင် ဖော်ပြထားသည်။ Source and Photo /Prothom Alo

ဆက်စပ် သတင်းများ