အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

စစ်ပွဲအတွက်ပြင်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တရုတ်သမ္မတက တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 119

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၄ (နိုင်ငံတကာ)

တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ပွဲအတွက်ပြင်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တပ်ဖွဲ့ဝင်များကို တောင်းဆိုလိုက်သည်။

ထိုင်ဝမ် တစ်ဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် စစ်ပွဲအတွက် အင်အားတောင့်တင်းအောင် ကြိုတင်ပြင်ဆင်မှုများကိုတိုးမြှင့်လုပ်ဆောင်ထားရန် ၊ တရုတ်သမ္မတ ရှီကျင့်ဖျင် က တပ်ဖွဲ့ဝင်များ ကို တောင်းဆိုခဲ့သည်။

အောက်တိုဘာ(၁၇)ရက်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဒုံးတပ်ဖွဲ့ သို့ သမ္မတ ရှီသွားရောက်လည်ပတ်ခဲ့စဥ်အဆိုပါမှတ်ချက်စကားကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သည့် CCTV ကအောက်တိုဘာ(၁၉)ရက်တွင်သတင်းဖော်ပြခဲ့သည်။

စစ်တပ်သည် လေ့ကျင့်ရေးနှင့် စစ်ပွဲအတွက် ပြင်ဆင်ရာတွင် အလုံးစုံအင်အား တောင့်တင်းရမည် ဖြစ်ပြီး ၊ တပ်ဖွဲ့၀င်များသည် လည်း တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရမည်ဟု ရှီက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ၎င်းတို့၏နယ်မြေ ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာဆိုထားသည့် တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်း(ထိုင်၀မ်) တစ်ဝိုက်တွင် ၎င်းတို့၏ စစ်အင်အားကို တိုးမြှင့်ခဲ့သည်။

တရုတ်သည်အောက်တိုဘာ(၁၄)ရက်က ဂျက်တိုက်လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များ၊ စစ်သင်္ဘောများနှင့် ကမ်းခြေစောင့်သင်္ဘောများကို ထိုင်၀မ်တစ်၀ိုက် တွင်ဖြန့်ကျက်ချထားခဲ့သည်။

တရုတ်နိုင်ငံက ၊ ဒီမိုကရေစီကျွန်း(ထိုင်ဝမ်) တစ်ဝိုက်တွင် ထိုကဲ့သို့စစ်အင်အားတိုးမြှင့် ဖြန့်ကျက်ချထားမှုသည် (၂)နှစ်ကျော်ကာလအတွင်း စတုတ္ထမြောက် အကြီးမားဆုံးသော စစ်အင်အားဖြန့်ကျက်ချထားမှုဖြစ်သည်။

တရုတ်စစ်တပ်သည် နိုင်ငံ၏ ဗျူဟာမြောက် လုံခြုံရေးနှင့် အကျိုးစီးပွားများကို ခိုင်ခိုင်မာမာ ကာကွယ်ရမည်ဟု သမ္မတရှီကထပ်လောင်းပြောဆိုခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်ကြား အငြင်းပွားမှုသည်၊ ပြည်တွင်းစစ်အတွင်း ချန်ကေရှိတ်၏ အမျိုးသားရေး အင်အားစုတပ်များသည် မော်စီတုံး၏ ကွန်မြူနစ် တိုက်ခိုက်ရေးသမားများကို ရှုံးနိမ့်ကာ ၁၉၄၉ ခုနှစ်တွင် ထိုင်၀မ် ကျွန်းသို့ ထွက်ပြေးခဲ့မှုမှစတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် ထိုင်ဝမ်တို့သည် ထိုအချိန်မှစတင်၍ သီးခြားစီအုပ်ချုပ်ခဲ့ကြသည်။ Source/ AFP and Prothom Alo and Photo/ The south Asia Times

ဆက်စပ် သတင်းများ