တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂ဝ ဦးကို စစ်ကောင်စီက ဖမ်းပြီး တရုတ်သို့ လွှဲပြောင်းပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 457

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄

ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ဝ ဦးကို မြန်မာစစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

သူတို့ကို စက်တင်ဘာ ၁၉ ရက်တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၃၀ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံက အလိုရှိနေသည့် တရားခံပြေး ချန်တာဝေ့ ဦးဆောင်သော သူတို့အဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီအနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်နေသည့်​အပြင် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်ရပ်ကွက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်နေရာအချို့ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယင်းအထဲတွင် တရုတ်နိုင်ငံသား ၁၉၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၅၅ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါဖမ်းမိသူများအနက် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသွားမည်ဟုလည်း စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် ပြောဆိုထားသည်။

ဓာတ်ပုံ - အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀ ဦး၏ပုံ။ (Photo - စစ်ကောင်စီ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!