တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

လက်ရှိ နိုင်ငံရေးအခြေနေများနှင့်ပတ်သက်သည့် မည်သည့်ကိစ္စရပ်များမှ ပူးပေါင်းပါဝင်သွားမည်မဟုတ်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၀/ ၂၀၂၁

တပ်မတော်အာဏာသိမ်းပြီးနောက် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေနေများနှင့်ပတ်သက်သည့် မည်သည့်ကိစ္စရပ်များမှ ပူးပေါင်းပါဝင်သွားမည်မဟုတ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ယနေ့ အသိပေးသဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ မွန်းလွဲပိုင်းကထုတ်ပြန်လိုက်သည့် အဆိုပါထုတ်ပြန်ချက်တွင် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအနေဖြင့် ပါတီနိုင်ငံရေးများ၊ ယခုလက်ရှိ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်မဟုတ်ဟု ဖော်ပြပါရှိသည်။

အဆိုပါဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းမြင့်သိန်းက “အခုလို အခြေအနေမျိုးတွေမှာ ဝံလက်ဖောင်ဒေးရှင်းအနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စစ်အာဏာသိမ်းတဲ့ကိစ္စ၊ စစ်အာဏာရှင်ကို တော်လှန်ကြတဲ့ ကိစ္စတွေ အစရှိသဖြင့် ဆန္ဒပြနေကြတဲ့ ကိစ္စတွေပေါ့နော်။ နောက် ရခိုင်ပြည်မှာဆိုလို့ရှိရင် ပါတီတွေနဲ့ပတ်သက်တဲ့ တချို့ပူးပေါင်းဆောင်ရွက်ကြတဲ့ကိစ္စတွေ ရှိတယ်။ အဲဒီလို နိုင်ငံရေးအနေအထားနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို အခုအချိန်မှာ အခုလိုအခြေနေမျိုးမှာ ပါဝင်ပြီးဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။” ဟု ပြောသည်။

ယင်းဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအနေဖြင့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် ကိစ္စရပ်များတွင် ကူညီပေးမှုများရှိခဲ့ပြီး ထိုသို့ကူညီဆောင်ရွက်ပေးခဲ့သည်မှာလည်း လွတ်လတ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း သူက ပြောသည်။

“ဝံလက်ဖောင်ဒေးရှင်းရဲ့ မူလရပ်တည်တဲ့ကိစ္စရပ်ကိုယ်တိုင်က နိုင်ငံရေးနဲ့ ကင်းရှင်းတယ်။ အထူးသဖြင့် ပါတီနိုင်ငံရေးတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့တော့ ဝံလက်က နဂိုကတည်းက ကင်းရှင်းတယ်လို့ ပြောလို့ရပါတယ်။ ဝံလက်အနေနဲ့ အဓိက အမျိုးသားရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူတွေကို ကူညီကယ်ဆယ်ရေး ကိစ္စတွေကိုပဲ အဓိကလုပ်တယ်။ အခုလိုအခြေနေမျိုးမှာ ပိုဆိုးတယ်ပေါ့။ လူတွေအနေနဲ့ ဟိုဘက်က စစ်အာဏာရှင်ဘက်၊ ဒီဘက်က ဆန့်ကျင်တယ်ဘက် အဲလိုအမျိုးမျိုးရှိကြတယ်။ ဒါပေမယ့် ဝံလက်အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်မှု ဘာတစ်ခုကိုမှ လုပ်မှာ မဟုတ်ဘူး။” ဟု ဆက်ပြောသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကဦးဆောင်၍ စစ်တွေတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြမည်ဟု စာရွက်များဖြန့်ဝေမှုများရှိနေသည်ဟုဆိုကာ အဆိုပါဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ ဦးထွန်းမြင့်သိန်းနှင့် ဒါရိုက်တာ ဦးခိုင်ကောင်းစံတို့သည် ယမန်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ အမှတ် (၁)ရဲစခန်း၏ ခေါ်ယူစစ်ဆေးခြငး်ကို ခံခဲ့ရသေးသည်။

ဆက်စပ် သတင်းများ