သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မအီစက်တော်ရာအနီးတွေ့ရှိသည့် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ကျားငယ်အား ထိန်းသိမ်းစောင့်ရှောက်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

နွေဦးမေ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မအီမြို့နယ်ရှိ မအီစက်တော်ရာအနီးတွင်တွေ့ရှိခဲ့သည့် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ကျားငယ်အား စက်တော်ရာဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။
အရှည် ၄ ပေခွဲခန့်ရှိသော အဆိုပါကျားငယ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် စက်တော်ရာအနီးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျားငယ်အား ဥရုဝေလမှ သာလိကာခြံတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း မြောက်ဦးဆရာတော် အရှင်ဝါယမိန္ဒ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားထားသည်။
အဆိုပါကျားငယ်မှာ သာမန်ကျားအမျိုးအစားမဟုတ်ဘဲ အင်းကျားအမျိုးအစားဖြစ်ပြီး ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။
ယင်းကျားငယ်အား ၎င်းတို့ကျက်စားတတ်သည့် အကျယ်အဝန်းကြီးမားသော တောထဲတွင်သာ ပြန်လွှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်သင့်သည်ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ကိုရန်နောင်စိုးက နိရဥ္စရာကို ပြောသည်။
“ကျားကို ခြံထဲမှာထည့်ထားတာတွေတွေ့တယ်။ အမှန်က ကျားဆိုတာမျိုးက သဘာဝအတိုင်းကျင်လည်ကျက်စားရာ နေရာအကျယ်အဝန်းလိုအပ်တယ်။ သူ့တို့ကိုပြန်လွှတ်ပေးပြီး သဘာဝအတိုင်းကျက်စားပြီး ကျားတွေကိုတွေ့ရင်လည်း သတ်တာတွေမပြုလုပ်ဘဲ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တယ်လို့မြင်တယ်”ဟု ပြောသည်။
ယခုတွေ့ရှိရသော ကျားအမျိုးအစားမှာ ကမ္ဘာ့ရှားပါးတန်းဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ကောင်ရေ တစ်သောင်းအောက်တွင်သာရှိသည့် ကျားသစ်မျိုးဖြစ်သည့်အတွက် အထူးဂရုစိုက်ထိန်းသိမ်းထားရန်လိုအပ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။
အဆိုပါကျားမျိုးစိတ်ကို အရှေ့တောင်အာရှရှိ တရုတ်နိုင်ငံတောင်ပိုင်း၊ ဘူတန်၊ နီပေါ၊ အိန္ဒိယမြောက်ပိုင်း၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံများတွင် တွေ့ရတတ်ပြီး ၂ဝဝ၈ ခုနှစ်မှစ၍ ကမ္ဘာတွင် ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ