ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၄/ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဆန္ဒပြကျောင်းသားများသည် သမ္မတအိမ်တော်အား ၀န်းရံ ပိတ်ဆို့ ထားပြီးသမ္မတ မိုဟာမက် ရှဟာဘူဒင် ကို ရာထူးမှ နုတ်ထွက်ပေး ရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲပေးရန်အောက်တိုဘာ (၂၃)ရက်က တောင်းဆိုခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လပေါင်းများစွာ မငြိမ်မသက်ဖြစ်စေခဲ့ရသည့် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဆန္ဒပြမှုများ ထပ်မံပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဩဂုတ်လအတွင်းက ၀န်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ နုတ်ထွက်ခဲ့မှုနှင့် ပတ်သက်၍ သမ္မတ မိုဟာမက် ရှဟာဘူဒင်၏မှတ်ချက်ပြုစကားများအပေါ်ကျေနပ်မှုမရှိသည့်အတွက် ဆန္ဒပြ ကျောင်းသားများက သမ္မတအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ပြီးနောက် တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ သည်။
သမ္မတ ရှဟာဘူဒင် သည် ဩဂုတ်လအတွင်းက ကျောင်းသားဦးဆောင်သော လူထုအုံကြွမှုအတွင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသော ၀န်ကြီးချူပ်ဟောင်းဖြစ်သူရှိတ်ဟာဆီနာ နုတ်ထွက် သွားခြင်းကို၄င်းအနေဖြင့်ကြားရုံမျှသာ ကြားသိခဲ့ရသော်လည်းသူမ၏တရား၀င်နှုတ်ထွက် စာကို မူ တွေ့ မြင်ခဲ့ရခြင်းမရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ဘင်္ဂလီဘာသာစကားဖြင့် ဖော်ပြသည့်Manab Zamin သတင်းစာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြမှုကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သည့် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကျောင်းသားလှုပ်ရှားမှုအဖွဲ့ က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြကျောင်းသားများသည် အောက်တိုဘာ(၂၂)ရက် မွန်းလွဲပိုင်းက သမ္မတ နုတ်ထွက်ရေးအပါအဝင် အချက် (၅)ချက်ကို ဒါကာရှိ Shaheed Minar လူထုစုဝေးပွဲ၌ ကြေညာခဲ့သည်။
ရာနှင့်ချီသော ဆန္ဒပြသူများသည် မြို့တော် ဒါကာတွင် အောက်တိုဘာ(၂၂)ရက်မှ(၂၃)ရက် အထိ စုဝေးခဲ့ကြသည်။
ဆန္ဒပြသူအချို့သည် အောက်တိုဘာ(၂၂)ရက် ညပိုင်းတွင် ဘန်ဂါဘန်း(သမ္မတနန်းတော်) ဆီ သို့ရွှေ့ခဲ့ကြပြီး အချို့က သမ္မတနန်းတော်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြသည်။
စစ်တပ်က၄င်းနေရာ ကို အကာအရံများနှင့် ပိတ်ဆို့ထား ပြီး လုံခြုံရေး တာဝန်ရှိသူများက လူစုခွဲရန် မူးမေ့လဲကျစေသည့် စတန်လက်ပစ် ဗုံးများ အသုံးပြုခဲ့ကြောင်း ရဲများနှင့် မျက်မြင်သက်သေများက ပြောဆိုချက်အရသိရသည်။
ဆန္ဒပြသူများသည် သမ္မတနန်းတော် အပြင်ဘက်တွင် မတ်တပ်ရပ်ကာ သမ္မတ ကိုရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြသူများသည် ၁၉၇၂ ခုနှစ်တွင် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရန် နှင့် ၂၀၂၄ ခုနှစ် အခြေအနေနှင့်ကိုက်ညီမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲရန် ၊ အဝါမီလိဂ်၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ချက်ထရာလိဂ်ကို ပိတ်ပင်ရန် ၊သမ္မတ ကိုရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့အပြင်ရှိတ်ဟာဆီနာလက်ထက် ကကျင်းပခဲ့သည့် ၂၀၁၈ခုနှစ် နှင့် ၂၀၂၄ခုနှစ် တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြေညာရမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းမပြည့်မီသူများဖြစ်သင့်ကြောင်း ဆန္ဒပြသူများက တောင်းဆို ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ်၏ ကျောင်းသားအဖွဲ့ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ချက်ထရာ ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေဖြင့် ပိတ်ပင်လိုက်သည်” ဟု အောက်တိုဘာ (၂၄)ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
“သမ္မတဟာ ဟာဆီနာရဲ့ အာဏာရှင်အစိုးရရဲ့ ခရိုနီတစ်ဦးပါ။ သူဟာ သမ္မတရာထူးကနေ ချက်ချင်းနှုတ်ထွက်ပေး ရမယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
ဆန္ဒပြ ကျောင်းသားများသည် သမ္မတ ရှဟာဘူဒင်အားရာထူးမှ ဆင်းပေး ရန် အချိန် (၂)ရက် သတ်မှတ်ပေး ခဲ့သည်။
မိုဟာမက် ရှာဟာဘတ်ဒင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတဖြစ်သည်။
ဥပဒေပညာရှင်နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အဝါမီလိဂ် ်းအားသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး၄င်းသည် ၂၀၂၃ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကန့်ကွက်သူမရှိ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။
လက်ရှိ ကြားဖြတ်အစိုးရသည် ရှိတ်ဟာဆီနာ၏ “ဖက်ဆစ်” အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု ကျောင်းသားဆန္ဒပြသူများ၏ စွပ်စွဲမှုကို ခံနေရသည်။ ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရသည် အောက်တိုဘာ(၂၄)ရက်တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပရန် ရှိနေ သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကျောင်းသားများ အဓိက ဦးဆောင်သည့် ဆန္ဒပြမှုများသည် ဇူလိုင်လတွင် ဖြစ်ပွားခဲ့ပြီး အစိုးရ အလုပ်အကိုင် ခွဲတမ်းစနစ် ရပ်ဆိုင်းရေး တောင်းဆိုသည့် အနေဖြင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက် လာခဲ့သည်။
အဆိုပါ ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သြဂုတ် (၅) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ရကာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး သွားခဲ့သည်။
ထို့နောက် နိုဘယ်ဆုရှင်၊ စီးပွားရေးပညာရှင်ဖြစ်သူ မိုဟာမက် ယူနွတ် ဦးဆောင်သော ကြားဖြတ်အစိုးရကိုဖွဲ့စည်းခဲ့သည်။
ယူနွတ် သည် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြီးအကဲအဖြစ် သြဂုတ် (၈)ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထိုနေ့တွင် သမ္မတ ရှဟာဘူဒင်က ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ Source/AP /ANI