သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည် အမ်းမြို့တွင် ဆန်ပြတ်လပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 58

(မြို့ပေါ်ရှိ လူဦးရေသောင်းနှင့်ချီ ရက်ပိုင်းအတွင်း အငတ်ဘေးကျရောက်နိုင်ဟုဆို)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၄

အာရက္ခတပ်တော်(AA)က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ အမ်းမြို့တွင် ဆန်ပြတ်လပ်လာနေမှုကြောင့် မြို့ပေါ်ရှိပြည်သူများနှင့် စစ်ဘေးရှောင်များ ရက်ပိုင်းအတွင်းတွင် အငတ်ဘေးကျရောက်နိုင်ကြောင်း မြို့ခံများထံမှ သိရသည်။

အမ်းမြို့တွင် ဆန်တစ်ပြည်ကို ငွေကျပ် ၇၀၀၀ အထိပေးကာ ဝယ်စားနေရပြီး လက်ရှိ ဆန်ဆိုင်များတွင်လည်း ဆန်လုံလောက်မှုမရှိတော့ဟု မြို့ခံများက ပြောသည်။

 

အမ်းမြို့ခံအမျိုးသမီးတစ်ဦးက "လမ်းကိုပြန်ပိတ်တဲ့နေ့ကတည်းက အမ်းက ဆိုင်တွေက ရှိတဲ့ ကုန်တွေကိုဈေးတင်ရောင်းကြတယ်။ အဓိက ဆန်ဆိုင်တွေမှာတောင် ဆန်မရှိတာ။ မနေ့က ဆိုရင် ထမင်းတွေကို ရှိတဲ့အိမ်က မရှိတဲ့အိမ်ကိုပေး၊ အိမ်နီးနားချင်းတွေ မျှစား နေကြရတယ်"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

အမ်းမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာမှုကြောင့် အမ်း-ပဒါန်း-မင်းဘူးကားလမ်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်တွင် AA က ပြန်လည်ပိတ်ထားလိုက်ပြီးနောက် ဆန်အပါအဝင် အသုံးအဆောင်ပစ္စည်းများ စျေး အဆမတန်မြင့်တက်ကာ ရှားပါး ပြတ်လပ်လာနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လမ်းမပိတ်ခင်က အမ်းမြို့တွင် အများပြည်သူစားသုံးနိုင်သည့် ဆန်တစ်ပြည်ကို ကျပ် ၃၀၀၀ နှင့် ၃၅၀၀ ကြားသာရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလကလည်း စစ်ရေးတင်းမာခဲ့မှုကြောင့် အမ်း-ပဒါန်း-မင်းဘူးလမ်းကို AA က ပိတ်ထားခဲ့သေးသည်။

ယင်းအချိန်ကလည်း ဆန်နှစ်ပြည်ရရှိရေးအတွက် ကုန်စုံဆိုင်ရှေ့တွင် ရာနှင့်ချီသည့်လူများ တိုးဝှေ့ ဝယ်ယူခဲ့စားသုံးခဲ့ကြရသလို ဆန်ပြတ်လပ်ခဲ့သည့်အတွက် ထမင်းခြောက် စားရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

"အစ်မတို့ အစက မင်းဘူးဖက်ကိုထွက်မလို့လုပ်ထားလို့ ဆန်တွေအများကြီးမဝယ်ထားဘူး။ ဒီလိုလမ်းပိတ်မယ်လို့မထင်ဘူး။ ဒီတော့ ဝယ်ထားတဲ့ဆန်တွေက နည်းနည်း။ နောက်သုံးလေးရက် စားရင် ကုန်ပြီ။ အငတ်ဘေးရောက်တော့မှာပါ"ဟု ပြောသည်။

အမ်းမြို့ခံ သုံးပုံနှစ်ပုံမှာ ယခင်ကပင် စစ်ရှောင်သွားကြပြီဟု သိရသည်။

မြို့တွင်ကျန်ရှိနေသူများအပါအဝင် စစ်ကောင်စီက နှင်ထုတ်၍ မြို့ထဲသို့ ရောက်ရှိလာသည့် မြို့နယ်တွင်းရှိကျေးရွာများမှ စစ်ရှောင်များ၊ စစ်ကောင်စီက ကားဖြင့် ခေါ်ယူလာသည့် စစ်ရှောင်များနှင့် နဂိုကရှိနေသည့်စစ်ရှောင်များနှင့်ဆိုလျှင် မြို့ပေါ်တွင် လူဦးရေ သောင်းနှင့်ချီ ပိတ်မိကာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြကြောင်း မြို့ခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သည့် အမ်းမြို့တွင် ပြည်သူများနှင့် စစ်ဘေးရှောင်များကို စစ်ကောင်စီက ကူညီမှုတစ်စုံတစ်ရာ မပေးသကဲ့သို့ ဗုံးခိုကျင်းများလည်း တူးခွင့်မပေးဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီနေ့ဆိုရင် လေယာဉ်ကွင်းဖက်ကိုဗုံးချသံကြားတယ်။ ဗုံးခိုကျင်းလည်းတူးခွင့်မပေးဘူး။ သူတို့စစ်တပ်ထဲမှာကျ ကတုတ်ကျင်းတွေအများကြီးပဲတူးထားတယ်။ တပ်အထဲမှာရော အပြင်မှာရောပဲ တူးထားတာ" ဟုပြောသည်။

လက်ရှိ အမ်းမြို့အခြေအနေမှာ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်ကောင်စီ၏ စစ်တပ်တပ်ရင်းများကို AA က တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

အမ်းမြို့ရှိ စရဖ (ထောက်လှမ်းရေးတပ်)၊  ဆေးတပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD) နှင့် အမှတ် (၃၇၄) အမြောက်တပ်တို့ကို  AA က သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်နေပြီး ကျန်နပခ အပါအဝင် တစ်ခြား တပ်ရင်းများအားလည်း  အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

ဓာတ်ပုံ - ပုံဟောင်း ( MOI)

 

 

ဆက်စပ် သတင်းများ