သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဖမ်းဆီးခေါ်ဆောင်ခံရသူ ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာသားအလောင်း ဆေးရုံတွင် မိသားစုများတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၁၅ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ တပ်မတော်က ဖမ်းဆီးသွားသည့် ဦးစိုးမြင့်ထွန်း (၃၇)နှစ် အလောင်းအား ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က မအီမြို့ဆေးရုံတွင် တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။

ဦးစိုးမြင့်ထွန်းအား ဇူလိုင်၁၁ ရက်နေ့က တစ်ခြားရွာသား ၅ ဦးနှင့် အတူ တပ်မတော် စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားခဲ့သည်ဟု မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် “မနေ့က ကျွန်တော်ကို ရဲစခန်းက နေ့လယ် ၁ နာရီ လောက်က ဖုန်းဆက်တယ်။ စိုးမြင့်ထွန်း ဆွဲကြိုးချလို့ သေသွားပြီးလို့ပြောတယ်။ ကျွန်တော်တို့်လိုက်သွားတဲ့ အခါကျတော့ အလောင်းက ဆေးရုံမှာလို့ ပြောတယ်။ သူတို့ပြောတာတော့ ၁၃ ရက်နေ့ ညက ဆုံးတယ်လို့ ပြောတယ်။ သူ့ကို ပျိုးနုတ်နေရာက စစ်တပ်က စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ မိသားစုတွေ စိတ်မကောင်းဖြစ်နေကြတာပေါ့။ အလောင်းကို မနေ့က ရွာကိုသယ်လာပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့က နံနက် ၃ နာရီခန့်က အလယ်ချောင်းကျေးရွာမှ  ဦးမောင်မြင့်ထွန်း(၃၇)နှစ်၊ မောင်မြင့်ဝင်း(၂၃)နှစ်၊ ဦးမောင်ထွန်းဝင်း (၄၇)နှစ်၊မောင်ဇော်လင်း(၃၅)နှစ်နှင့် မောင်ငြိမ်းချမ်း(၁၉)နှစ်တို့အား တပ်မတော် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးပြီး  ဦးစိုးမြင့်ထွန်းအားလည်း  ၎င်းနေ့ နေ့လယ်ပိုင်း လယ်ထဲ ပျိုးနုတ်နေရာမှ မေးမြန်းစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း၊  ယခု ဦးစိုးမြင့်ထွန်းမှာ ကြိုးဆွဲချ သေဆုံး၍ တွေ့ရကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အကြောင်းကြားလာခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။  

သေဆုံးသူဦးစိုးမြင့်ထွန်း၏ ယောက်ဖတော်စပ်သူ ဦးကျော်လှိုင်က“ကျွန်တော်တို့သူ့အလောင်းကို ခွဲစိတ်ပြီးသား တွေ့ခဲ့ရတယ်။ လည်ပင်းမှာတော့ ကြိုးကွင်းရာ တွေ့တယ်။ မျက်နှာနဲ့ လည်ဂုတ်တွေမှာ ဒဏ်ရာတွေပါတယ်။ ကြိုးနဲ့ဆွဲပြီး သတ်လိုက်တယ်လို့ထင်တယ်။ သေနတ်ဘောင်တွေနဲ့ ထုထားတာတွေလည်း မျက်နှာတွေမှာ တွေ့တယ်။ အလောင်းကို ကျွန်တော်တို့ မိသားစုတွေ ခွင့်ပြုချက်မပါဘဲလည်းခွဲစိတ်ထားတယ်။ မကျေနပ်ပါဘူး။ ကြိုးဆွဲချပြီး သေသွားတာလို့ပြောတယ်။ မအီရဲစခန်းကတော့ သူတို့လည်းမသိဘူးလို့ပြောတယ်” ဟုပြောသည်။

ဦးစိုးမြင့်ထွန်း၏အလောင်းအား ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် သင်္ဂြိုလ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

မအီမြို့ရဲစခန်းစခန်းမှူးအား မေးမြန်းရာ ဦးစိုးမြင့်ထွန်းမှာ ရဲစခန်းတွင်သေဆုံးခြင်းမဟုတ်ကြောင်းပြောကြားပြီး  သေဆုံးခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာဆက်လက်ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

မအီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ပုက “အဲဒါက သေတာတော့ ဟုတ်တယ်။ သေတယ်ဆိုပြီးကျွန်တော်တို့ သတင်းတော့ တင်လိုက်တယ်။ ကျွန်တော်တို့ကတော့ ဂဃနဏ မသိဘူး။ ကျွန်တော်တို့သိတာတော့ ကြိုးဆွဲချသေတယ်လို့သိရတယ်။ မအီရဲစခန်းတော့မဟုတ်။ မအီရဲစခန်းနောက်က အရင်တုန်းက ဆက်သွယ်ရေးစခန်းဟောင်းရှိတယ်။ အဲဒီစခန်းဟောင်းမှာထားတာ။ သေတာက ၁၃ ရက်နေ့ကပေါ့။” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား  နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ဆက်သွယ် မရရှိသေးပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့နံနက်က သတင်းထုတ်ပြန်ရာတွင် AA အမာခံများဖမ်းဆီးရမိ၊ တစ်ဦးကြိုးဆွဲချ သေဆုံးခေါင်းစဉ်ဖြင့် သတင်း ထုတ်ပြန်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်ထဲတွင်  နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အလယ်ချောင်းကျေးရွာသို့ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရှာဖွေစစ်ဆေး ဖော်ထုတ်ခဲ့ရာ AA အမာခံများဖြစ်သည့် ဇော်လွင်(ဘ) ဦးမောင်သိန်းဖြူ၊ မြင့်ထွန်း(ဘ) ဦးမောင်မိုးညွန့်၊ ချမ်းငြိမ်း(ဘ) ဦးကျော်လှိုင်၊ ဇော်ဌေး (ဘ)ဥိးမောင်သိန်းဖြူ၊ ထွန်းဝင်း(ဘ) ဦးအောင်လှဖြူနှင့် စိုးမြင့်ထွန်း(ဘ) ဦးမောင်ဘအောင် တို့ ၆ ဦးအား ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ မအီမြို့မရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် သီးသန့် အဆောက်အဦ၌ တစ်ဦးစီထားရှိထိန်းသိမ်းခဲ့ကြောင်း၊ ထိုသို့ထားရှိစဉ် ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် စိုးမြင့်ထွန်း မှာ ၎င်းအား ချည်နှောင်ထားသည့်ကြိုးကိုဖြည်၍ ခေါင်မိုးထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံး နေသည်ကို တွေ့ရှိခဲ့ ရကြောင်း၊ အဆိုပါသေဆုံးသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး မအီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ပြီး ကျန်ရှိသူ ၅ ဦးအား လိုအပ်သည်များ ဆက်လက်စစ်ကြောလျက်ရှိကြောင်း သတင်းရရှိသည်ဟု ဖော်ပြပါရှိသည်။ 


ဆက်စပ် သတင်းများ