သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် ဖမ်းဆီးခံရသည့်လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်လူငယ် ၃ ဦးပြန်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇော်ဝင်းဌေး (ငခူချောင်း)
စစ်တွေ၊ ဒီဇင်ဘာ ၁ဝ / ၂ဝ၂ဝ

အပြည်ပြည်ဆိုုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်၍ ဖမ်းဆီးခံခဲ့ရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ရခိုင်လူငယ် ၃ ဦးမှာ ယနေ့ ညနေ ၄ နာရီအချိန်က ပြန်လွတ်လာကြောင်း သတင်းရရှိသည်။

သို့သော် ငြိမ်စုစီဖြင့် အမှုဖွင့်ခံရနိုင်ကြောင်း ပြန်လည်လွှတ်မြောက်လာသူ ၃ ဦးထဲမှ ကိုမင်းဘာချေ (ခေါ်) ကိုသန်းလှက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ကျနော်တို့ကို နောက်ထပ် ၁၅ ရက်လောက်ဆိုရင် တရားစွဲဆိုမယ်ဆိုပြီးတော့ ပြောတယ်။ ၁၅ ရက်အတွင်းမှာ ကျနော်တို့ကို ပြန်ဆက်သွယ်မယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်ပုဒ်မနဲ့ ဆိုတာကိုတော့ တိတိကျကျ မပြောဘူး။ သူတို့ပြောတာကတော့ ငြိမ်စုစီ မတင်ခဲ့တဲ့အတွက် ငြိမ်စုစီပုဒ်မ - ၁၉ နဲ့တော့ တရားစွဲဆို နိုင်တယ်လို့တော့ ပြောတယ် ” ဟု ကိုသန်းလှက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်သည်။

အပြည်ပြည်ဆိုုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုကို ဖမ်းဆီးခံလိုက်ရသူ ၃ ဦးအပါအဝင် လူပေါင်း (၃ဝ)ကျော်က ယနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက်အစောတွင် စစ်တွေမြို့တစ်ပတ် ဆိုင်ကယ်စီး လှုပ်ရှားမှုပြုလုပ်၍ စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စစ်တွေကမ်းခြေတွင် ရပ်တန့်ကာ လူစုခွဲနေချိန်၌ ရဲတပ်ဖွဲ့ကရောက်လာပြီး အဆိုပါလူငယ် ၃ ဦးအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မဦးခင်သိန်းက ဆက်ပြောသည်။

ယနေ့သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သလို အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်သည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ ပပျောက်စေလို၍ ယခုကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ